မုံရွာ၊ မေ ၂၇
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမရှော့တိုက်ဒုံး ခုနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)က မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ စစ်ကောင်စီရဲ့ နမခဌာနချုပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ခုနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခြောက်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် နမခဌာနချုပ်အတွင်းက တန်ပြန်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး နမခအတွင်းမှာလည်း ထိခိုက်မှုတွေ ရှိနိုင်ကြောင်း ကနစုံ စမ်းသိရှိရတယ်လို့ BWM က ဆိုထားပါတယ်။
နမခဌာနချုပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ရှိ စစ်ရှုံး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေး ကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဲဒီဒေသရှိ တော်လှန်ရေး အင်အားစုတွေကို အဓိကတိုက်ခိုက်နေတဲ့ စစ်ဌာနချုပ်ဖြစ်ပါတယ်။
ဒါ့အပြင် အညာဒေသရှိ ပြည်သူတွေကို အဓိကဒုက္ခပးနေတဲ့ စက်တပ်လေထီးတွေကို သိုလှောင်ထားတဲ့ နမခဌာနချုပ်ဖြစ်သလို အိုးထိန်းကွင်းရွာ ဗုံးကြဲမှုကိစ္စအပါအဝင် အညာဒေသကို လေ ကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုအား အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD) နဲ့ Shadow (Monywa) အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက် ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရကြောင့် လေတပ်မှဒုဗိုလ်မှူးကြီး အဆင့် ၂ ဦး၊ ဗိုလ်ကြီးအဆင့်၂ ဦး၊ အခြားအဆင့် စစ်သည် ၆ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM