မော်လမြိုင် မေ ၂၆
နိုင်ငံတကာ တရားစီရင်ရေးကို အသုံးချပြီး တရားစီရင်မှုတွေကနေ စစ်ကောင်စီနဲ့ ရုရှားတို့ အပြန်အလှန်အကာအကွယ်ပေးဖို့ သဘောတူစာချုပ်နဲ့ နောက်ဆက်တွဲ စာချုပ်တွေ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မော်စကိုမြို့မှာ ပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
အဲဒီလို နှစ်နိုင်ငံကြား အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို စစ်ကောင်စီခန့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနဲ့ ရုရှား တရားရေးဝန်ကြီး မစ္စတာ ကော့စတန်တင် ချူယန်ကိုတို့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ရုရှား တရားရေးဝန်ကြီးဌာနတို့ကြား ချုပ်ဆိုတဲ့ နောက်ဆက်တွဲ စာချုပ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးတစ်ခုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က စစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ရေး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က မီဒီယာတချို့ကို ပြောဆိုထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ICC အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို တရားစွဲဆိုနေမှုအပေါ် စိုးရိမ်စရာမရှိကြောင်း Aljazeera သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တုံ့ပြန်ထားဖူးပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI