တနင်္သာရီ၊ မေ ၂၇
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။
အင်အား ၆၀ ဝန်းကျင်eJY တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာကနေ တမုတ်ချုံ ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲ အချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် နောက်ထပ် စစ်ကူတပ်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ ဦး ဝန်းကျင်ကိုလည်း အဲဒီနေ့ မနက်ပိုင်း၊ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် အချိန်မိနစ်အနည်းငယ်စီအကြာ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တမုတ်ချုံကျေးရွာမှာ ရောက်ရှိနေပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် လယ်တောင် ယာကျေးရွာနဲ့ တမုတ်ချုံကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာကနေ ချောင်းနှစ်ပေါက် ကျေးရွာကိုလာတဲ့ စစ်ကောင်စီကား ပစ်ခတ်တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Myeik PDF