မော်လမြိုင် ၊ မေ ၂၇
စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေအနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်မှာ ပေါင်းစည်းရေးအပြင် စစ်ရေးစွမ်းဆောင်နိုင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
မွန်ပြည်သူတွေလိုလားတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက် ရေးမှာ တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရာမညမွန်တပ်တော် RMA ကို မေ ၂၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ရာမညမွန်တပ်တော်မှာ မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပါဝင်ကြပါတယ်။
ဒါဟာ မွန်လက်နက်ကိုင်တပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် လမ်းစဖြစ်သလို မွန်တော်လှန်ရေးအရွေ့ဖြစ်တာမို့ စစ်ရေးအရ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က စစ်ရေးဖော်ဆောင်မှုအတွက် အ စွမ်းပြနိုင်တဲ့ တစ်ခုတည်းသော မွန်တပ်ကို ပြည်သူတွေ လိုချင်တယ်ဆိုတာ မမေ့ဖို့လိုတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။
“တိုက်ပြီးမပေါင်းရင် ဘာမှမထူးသလို၊ ပေါင်းစည်းရေးမှာ အချိန်ကုန်ပြီး မတိုက်နေပြန်ရင်လည်း ပြည်သူတွေယုံကြည်မှု ရေရှည်တည်တံ့မှာ မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုအပ်တယ်။ ဒါကြောင့် စစ်ရေးနိုင်ငံရေး ဦးဆောင်သူတွေအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေပြပြီး ဒီတပ်ကိုဘယ်သူက ဦး ဆောင်မလဲဆိုတာ ဖော်မလား၊ ဒါမှမဟုတ် ဘယ်သူက ဦးဆောင်မလဲဆိုတဲ့ သဘောတူညီချက်ရယူပြီးမှ တိုက်မလားဆိုတာကတော့ နိုင်ငံရေးစစ်ရေး ခေါင်းဆောင်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ပြည်သူတွေလိုချင်တာကတော့ တခုတည်းဖြစ်တဲ့ မွန်တပ်ဖြစ်သလို တစ်ဘက်မှာ စစ်ရေးဖော်ဆောင်မှုအတွက် အစွမ်းပြနိုင်တဲ့ မွန်တပ်ဖြစ်ဖို့လိုတယ်ဆိုတာကိုလည်း မမေ့ဖို့ လိုအပ်ပါတယ် ”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကနေ ပြည်နယ်အတွင်းရှိ အင်အားစုတွေနဲ့စုဖွဲ့ထားတဲ့ မွန်ပြည်ဖက်ဒရယ်ကောင် စီ MSFC ကတော့ တစ်ခုတည်းသော မွန်တပ်တော် ဖြစ်ပေါ်ရေး အယူအဆကို လုံးဝလက်ခံထားတယ်လို့ မေ ၂၅ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
ဒီအတွက် MSFC အနေနဲ့ ရာမညစစ်ကြောင်းနဲ့တကွ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
ပူးပေါင်းတဲ့အခါ MSFC ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်နယ်က အင်အားစုတွေ လိုလားတဲ့ ညီညွတ်ရေးကို အဓိက ဦးစားပေးတဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း (Coming Together Model) က အသင့်တော်ဆုံးလို့ ယူဆတာပါ။
၂၀၂၅ ခုနှစ် မတ် ၂၁ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ AD နဲ့ ဆွေးနွေးမှုအရ အတူတကွ ပူးပေါင်းခြင်းထက် မွန်ပြည်သစ် AD တစ်ဖွဲ့တည်းအောက်သို့ သွားရောက်ပူးပေါင်းခြင်း (Coming Under Model) ကိုသာ တင်ပြခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံရေးအရ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ တပ်ပေါင်းစုပုံစံ ပြည်နယ်ယူနစ်ပုံစံ ဖြစ်နေတဲ့အတွက် ပူးပေါင်းဆောင်ရွက်ရေး မအောင်မြင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
MSFC ရဲ့ ကောင်စီဝင် ဒေါက်တာ သီရိမွန်ချမ်းက ခါးသီးတဲ့ မွန်တော်လှန်ရေးအတွေ့အကြုံအရ တစ်ပါတီစနစ်နဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကြောင့် ဆုံးဖြတ်ချက် မှားယွင်းသွားရင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။
“ရာမညတပ်တော်ကို နိုင်ငံရေး စစ်ရေးအရ ဦးဆောင်သွားရမယ့် နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကြောင့်ပါ။ မွန်ပြည်သစ်ပါတီ AD ရဲ့ တစ်ပါတီ နိုင်ငံရေးစစ်ရေး ဦးဆောင်မှုအောက်မှာ အခုလိုမျိုး ရှိနေရင် တကယ်လို့ နိုင်ငံရေး စစ်ရေးအပြောင်းအလဲ တစ်ခုခုဖြစ်ပြီး မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခု မှားယွင်းသွားရင် Check and Balance လို့ခေါ်တဲ့ နိုင်ငံရေးထိန်းချုပ်မှု ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကလည်း မိမိတို့ မွန်တော်လှန်ရေးရဲ့ ခါးသီးတဲ့ အတွေ့အကြုံတစ်ခုကြောင့်ပါ”လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော်ကို နိုင်ငံရေးစစ်ရေးအရ ဦးဆောင်ဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ပါဝင်တဲ့ အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းပြီး အဲဒီထဲက ၉ ဦးကို ရွေးချယ်ကာ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီကော်မတီထဲမှာ မွန်ပြည်သစ်ပါတီ AD ဘက်က ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်းနဲ့ အတွင်းရေးမှူး နိုင်ဗညားလယ်တို့က ထိပ်ပိုင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ အလားတူ စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ မျက်မှောက် အခင်းအကျင်းအရ နိုင်ငံရေးစစ်ရေး အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ (All Inclusive) အရင်က ဖဆပလ, အာဖရိကန်အမျိုးသားကွန်ကရက် (ANC) ညွန့်ပေါင်း/တပ်ဦး စုဖွဲ့မှုပုံစံနဲ့ စုဖွဲ့သင့်တယ်လို့ ရှုမြင်တာပါ။
ဒါပေမယ့် စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်ကိုမဆို တိုက်ဖျက်သွားဖို့၊ ဖက်ဒရယ်ပြည် ထောင်စုအတွင်း မွန်ပြည်ပေါ်ပေါက်ရေး ဆောင်ရွက်သွားဖို့ စတဲ့ MSFC ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေဟာ မွန်ပြည်သစ်ပါတီ AD နဲ့ များစွာတူညီနေတဲ့အတွက် ပူးပေါင်းရေးနည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လက်အောက်ရှိ တပ်တွေနဲ့ မဟာမိတ်တပ်တွေကလည်း ရာမညတပ်တော်နဲ့အတူ လက်ရှိ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရာမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိ ပေးထားတာပါ။
ဒေါက်တာ သီရိမွန်ချမ်းက “ရာမညစစ်ကြောင်းမှာ MSDF နဲ့ MSRF တို့ ဆက်ပြီးတော့ ပါဝင်နေမယ်။ သို့သော်ငြားလည်း လေးဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရာမညပူးတွဲစစ်ကြောင်းအစား မွန်လက်နက် ကိုင်တပ်ဖွဲ့ သုံးဖွဲ့ဖြစ်တဲ့ RMA လို့ ခေါ်တဲ့ ရာမညမွန်တပ်တော် MSRF နဲ့ MSDF ပုံစံ လိုမျိုး ဖြစ်သွားမှာပါ”လို့ ပြောပါတယ်။
ရာမညပူးတွဲစစ်ကြောင်းကို မွန်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့နဲ့ ဒီနှစ်ဆန်းပိုင်းအတွင်း ဖွဲ့စည်းထားပြီး အဲဒီထဲမှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့လည်း ပါဝင်နေတာပါ။
လက်ရှိအချိန်ထိတော့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲမှာ ရာမညမွန်တပ်တော်နဲ့ ရာမညပူးတွဲစစ်ကြောင်းတို့ ရှိနေပြီး ဗျူဟာမြောက်စစ်ဆင်ရေးတွေ မြို့ သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခြင်း မရှိသေးပါဘူး။
မွန်ပြည်သစ်ပါတီ AD ပြောခွင့်က နိုင်ကောင်းစကားက ရာမညမွန်တပ်တော်အနေနဲ့ တပ်နှစ်တပ်ကို တစ်တပ်တည်းအဖြစ် ဆက်သွားမှာဖြစ်သလို ရာမညစစ်ကြောင်းမှာလည်း စစ်ရေးလှုပ်ရှားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီစစ်ကြောင်းကလည်း လက်တွေ့အခြေအနေမှာ စစ်ပိုင်းဆိုင်ရာမှာ လှုပ်ရှားနေတယ်၊ တိုက်ပွဲတွေလည်း ဖော်ဆောင်နေတာ ရှိတယ်။ကျွန်တော်တို့ ရာမညမွန်တပ်တော်ကျတော့ တပ်နှစ်တပ်ကို တစ်တပ်တည်းဖြစ်ဖို့ ဒီနာမည်ကို ရွေးချယ်တယ်။ ဒါက တပ်တစ်ခုအနေနဲ့ သွားမှာဖြစ်တယ်။ အခုနကကျတော့ စစ်ကြောင်းအနေနဲ့သွားတာပေါ့။စစ်ကြောင်းကျတော့ သူ့ဆိုင်ရာ တပ်တွေနဲ့ လက်ရှိက ပူးတွဲစစ်ကြောင်းပေါ့။ ကျွန်တော်တို့က ရာမညစစ်ကြောင်းရယ်လို့ မဟုတ်ပါဘူး တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးတွဲပြီး လှုပ်ရှားနေတာ ရှိတယ်။ ဒါပေမယ့်လည်း မွန်တပ်အားလုံးပါဝင်တဲ့ လေးဖွဲ့ပါဝင်တဲ့ ရာမည စစ်ကြောင်းလည်း ရှိနေဆဲဖြစ်တာပေါ့”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD ၊ ရာမညမွန်တပ်တော် NMSP AD/RMA အနေနဲ့ အဖိနှိပ်ခံ ဘဝတူတိုင်းရင်း သားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားတာပါ။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကို စစ်ပညာတွေ သင်ကြားပေးခဲ့တဲ့ တအာင်းတပ် TNLA ကတော့ ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့ ရာမညမွန်တပ်တော်ကို ဘဝတူတော်လှန်ရေး မဟာမိတ်အဖြစ် သတ်မှတ်ပြီး ရည်မှန်းချက် အမြန်အောင်မြင်ဖို့ ပူးပေါင်းသွားမယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media