ကျောက်ကြီး၊ မေ ၂၆
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁၂ ဦး သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ မေ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုင်တာ တိုက်လေယာဉ် တစ်စီးဟာ မင်္ဂလာပွဲကျင်းပတဲ့ နေရာကို ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှစ်ဦးနဲ့ သတို့သမီးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၁ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကြဲခံရတဲ့ ကျွန်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ထိန်းချုပ်နယ်မြေက ကျေးရွာ ဖြစ်ပါတယ်။
ဒီဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU