အိုးဘို၊ မေ ၂၀
နိုင်ငံတဝန်းရှိ စစ်ကောင်စီရဲ့ အကျဉ်းထောင်အများစုမှာ ဘတ်ဂျက်ငွေ နည်းပါးလာတယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ အကျဉ်းသားတွေကို နဂိုပုံမှန်ကျွေးနေကျထက် အစားအသောက်တွေကို လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဖြစ်တဲ့ မိတ္ထီလာအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ပုသိမ် ကြီးလူငယ်ထိန်းသိမ်းရေးကျောင်း၊ လွိုင်ကော်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်နဲ့ ပုသိမ်အကျဉ်းထောင်တွေမှာ ပြီးခဲ့တဲ့နှစ်လခန့်ကစလို့ အစားအသောက် လျှော့ချလိုက်တာပါ။
အရင်က အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ပုံမှန်ကျွေးတဲ့ အစားအသောက်ကို မကျွေးတော့ဘဲ ဘတ်ဂျက်လျှော့ချလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစားအစားနဲ့ အသားပမာဏ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အများစုမှာ အကျဉ်းသားတစ်ဦး စားသောက်ဖို့အတွက် ရိက္ခာသတ်မှတ်ရာ တစ်ပတ်လျှင် နေ့၊ည ထမင်းချိန် ၁၄ နှပ် ကျွေးမွေးရာမှာ ကြက်ဥတစ်လုံး၊ နှစ်လက်မအရွယ် ငါးအသားသုံးတုံး စုစုပေါင်း လေးနှပ်စာကိုသာပေးပြီး ကျန်ရက်တွေမှာ ထမင်းနဲ့ ပဲဟင်းအရည်ကြည်ကိုသာ အဓိ က စားသောက်နေရတာ ဖြစ်ပါတယ်။
ကျွေးမွေးတဲ့ အစားအသောက်မှာလည်း အသားရရှိမှုပမာဏ လျော့နည်းလာတာ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်ခွင့်မရရှိတာကြောင့် ကိုယ်ခန္ဓာချိနဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ ထောင်အခေါ် တုတ်ဆွဲမှုဖြစ်ပွားတဲ့ အရေအတွက် များပြားလာတယ်လို့ PPNM ဗဟိုကော်မတီဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသား စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းဟာ တုတ်ဆွဲတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ သိရပါတယ်။
အဓိကအားဖြင့် စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးရဲ့ နေထိုင်စားသောက်ရေးကို တာဝန်ယူရမှာဖြစ်သလို အနည်းဆုံးကျွေးရမယ့် အသားပမာဏကို မကျွေးနိုင်ရင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်လို့ PPNM က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM