မနီလာ၊ မေ ၂၀

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အရေးပါတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ မဟာမိတ်တွေ အလားအလာကောင်းမယ်လို့ မျှော်လင့်ရပြီးတဲ့နောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒူတာတေး မိသားစုနဲ့ပြန်လည် ရင်ကြားစေ့ရေး လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်က ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ထဲ သမ္မတ မားကို့စ်က သူ့အနေနဲ့ ရန်သူတွေထက် မိတ်ဆွေတွေကိုပဲ ပို အလိုရှိတယ်လို့ ပြောဆိုထားပါတယ်။

သမ္မတ မားကို့စ်ဟာ သူ့ရဲ့ လက်ကျန် ရာထူးသက်တမ်း သုံးနှစ်အတွင်း အကောင်အထည်ဖော်မယ့် ကိစ္စရပ်တွေကို ရုပ်လုံးပေါ်လာဖို့ ကြိုးပမ်းနေပါတယ်။

ဖိလစ်ပိုင်ဥပဒေအရ သမ္မတ တစ်ဦးဟာ ခြောက်နှစ်သက်တမ်း တစ်ကြိမ်တည်း တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။

နိုင်ငံရေး အင်အားကြီး မိသားစု နှစ်စု ၂၀၂၂ ခုနှစ်မှာ ပူးပေါင်းပြီး ရွေးကောက်ပွဲ ဝင်ရာမှာ မိသားစု နှစ်ခုစလုံး အောင်မြင်ခဲ့ပြီးနောက် လူသိရှင်ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး သမ္မတ မားကို့စ်က ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောကြားလာတာ ဖြစ်ပါတယ်။

ဒုသမ္မတ ဆာရာ ဒူတာတေးဟာ စွပ်စွဲ ပြစ်တင်မှုနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရေးရာထူး ရယူမှုကနေ တားမြစ်ခံရနိုင်တာကြောင့် သူ့ရဲ့ ၂၀၂၈ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အစီအစဉ် ပျက်ပြယ်သွားနိုင်ပါတယ်။

သူ့ရဲ့ ဖခင် သမ္မတဟောင်း ဒူတာတေးဟာ သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှာ ဖမ်းဆီးထားရပေမယ့် သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင် မြို့တော်ဝန် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားပါတယ်။

မေ ၁၂ ရက် ရွေးကောက်ပွဲမှာ မားကို့စ်ရဲ့ မဟာမိတ်တွေ အနိုင်ရမယ်လို့ မျှော်လင့်ရပေမယ့် ဒူတာတေး မိသားစုရဲ့ မဟာမိတ်တွေလည်း အခြေအနေ ကောင်းနေတာကြောင့် လွှတ်တော်ထဲမှာ အင်အား ပြန်ညှိရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေတာပါ။

သမ္မတ မားကို့စ်ကို လုပ်ကြံသတ်ဖြတ်ပစ်ဖို့ လူသတ်သမားတွေနဲ့ ပြောဆိုထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ ဆာရာ ဒူတာတေး အပေါ် စွပ်စွဲ ပြစ်တင်မှုဟာ သူနဲ့ မသက်ဆိုင်သလို သမ္မတက ပြုမူနေပြီး စွပ်စွဲ ပြစ်တင်ရေးက လွှတ်တော်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.