လှိုင်းဘွဲ၊ မေ ၂၁
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျော်ကေထရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့တွေ နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU တပ်မဟာ ၇ ပိုင်ကျုံမြို့နယ် ထိုင်းနယ်စပ်နားမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ မော်ဖိုးကေစခန်းနဲ့ နော်တရာစခန်း ၂ ခုထဲက မော်ဖိုးစခန်းကို KNLA တပ်မဟာ ၇ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာပါ။
မေ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်က စတင်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့က စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ စခန်းကိုစွန့်ခွာခဲ့ကာ ထိုင်းနိုင်ငံထာ့ဆောင့်ယန်းမြို့နယ် မယ့်တန်ကျေးရွာထဲကို ထွက်ပြေးလာခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဆီကနေ စစ်လက်နက်ခဲယမ်းတွေ အများအပြားရရှိခဲ့ပြီး မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲကြောင့် လှိုင်းဘွဲမြို့နယ်ထဲက ကျော်ကေထရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံထဲကို စစ်ပြေးရှောင်ရောက်ရှိလာခဲ့ပြီး ထိုင်းတာဝန်ရှိသူတွေက ကူညီစောင့်ရှောက်ပေးထားတယ်လို့လည်း ထိုင်းသတင်းရင်းမြစ်တွေက ထုတ်ပြန်အသိပေးထားပါတယ်။
မော်ဖိုးကေစခန်းကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် KNU တပ်မဟာ ၇ ပိုင်ကျုံမြို့နယ် ဒေါနတောင်အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်အနီးမှာ စစ်ကောင်စီတပ်ရဲ့ နော်တရာတောင်ထိပ်ပေါ်က စခန်းတစ်ခုသာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီစခန်းကိုလည်း ဆက်လက်သိမ်းပိုက်ရရှိနိုင်ဖို့ ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဟာ KNU တပ်မ ဟာ ၇ နယ်မြေ ထိုင်းနယ်စပ်နားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ပူလူးတူ၊ ခလယ်ဒေး၊ မော်ဖားသူး၊တာလယ်၊ တခေါဘီခီး၊ မယ်လနဲ့ မော်ဖိုးကေ စုစုပေါင်း စခန်း ၇ ခုကို မတ်လကနေ မေလအထိ ၃ လတာအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ကတော့ သိမ်းပိုက်ခံနေရတဲ့ တပ်စခန်းတွေဆီ မြေပြင်စစ်ကူအနေနဲ့ မပေးပို့နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာ အားထားအသုံးပြုနေရတာဖြစ်ပြီး ၃ လတာအတွင်းမှာ KNU တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ တပ်စခန်း ၇ ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU