နေပြည်တော် ၊ မေ ၂၁

ဝါဒဖြန့်ချိရေး ယန္တရားတွေကို စစ်ကောင်စီက နိုင်ငံပိုင်ရုပ်သံတွေနဲ့ သတင်းစာတွေ အွန်လိုင်းပ လက်ဖောင်းတွေအပြင် စစ်တပ်လော်ဘီတွေကိုအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ပုံဖျက်မှုတွေ တိုးမြှင့်လာနေပါတယ်။

အိုးတိန်တွင်း စာသင်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ သိသာထင်ရှားစွာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့ ဇာတ်ကြောင်းအမှားတွေနဲ့ ဝါဒဖြန့် ပုံဖျက်မှုတွေကို သတင်းမီဒီယာတွေရဲ့ ပို့စ်အောက်မှာ အကောင့်တုတွေနဲ့ အုံလိုက်ကျင်းလိုက် ရေးသားကြတာ တွေ့ရပါတယ်။

အလားတူ နိုင်ငံပိုင်ရုပ်သံမီဒီယာတွေကတဆင့် စစ်ရာဇဝတ်မှုတွေကို မကျူးလွန်ကြောင်း ဗြောင်ကျကျ ငြင်းဆန်တဲ့ သတင်းတွေ ထုတ်လွှင့်တာအပါအဝင် တယ်လီဂရမ်နဲ့ Tik Tok တွေမှာလည်း တပ်လော်ဘီတွေက အချက်အလက်အမှားတွေနဲ့ မှိုင်းတိုက်ပြီး ဝါဒဖြန့်နေကြတာ ဖြစ်ပါတယ်။

ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်တပ်လော်ဘီများစွာကို ငွေပေးအသုံးပြုပြီး သတင်းတုတွေ၊ ပုံဖျက်ထားတဲ့ အချက်အလက်တွေနဲ့ ဖြန့်ချိနေတာဟာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ တုံ့ပြန်ထားတာပါ။

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က Facebook မှာ စစ်တပ်ရဲ့ သတင်းတု သတင်းမှားတွေကို ဖယ်ထုတ်မှု ရပ်ဆိုင်းထားချိန်အတွင်း အခွင့်ကောင်းယူပြီး လက်နက်သဖွယ် အသုံးချတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သတင်းကို လက်နက်လိုသူတို့က အသုံးချပြီးတော့ နောက်တစ်ခုက ဆိုရှယ်မီဒီယာတွေ Facebook မှာ သတင်းတွေဖယ်တဲ့ဟာကို ခဏရပ်ထားတာကို အခွင့်ကောင်းယူပြီးတော့အရင်တုန်းက စစ်တပ် ရဲ့ သတင်းတုသတင်းမှား စစ်တပ်ချန်နယ်ဆိုရင် ဖယ်ထုတ်ဖြစ်တဲ့ ဘန်းလုပ်တဲ့ ဌာနသက်သက်ရှိတယ်။ အဲဒါ လောလောဆယ် အလုပ်မလုပ်နေဘူး၊ ဖယ်ထုတ်မှုတွေ ရပ်ထားတဲ့ အခြေအနေရှိနေတယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ အခုလိုမျိုး ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်ကို သူတို့က လက်နက်သဖွယ် ပိုသုံးလာတာလို့ ပြောပါရစေခင်ဗျ” လို့ ဆိုပါတယ်။

မေ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ အိုးတိန်တွင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ကျောင်း ဗုံးကြဲတိုက် ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုကို စစ်ကောင်စီ လေတပ်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး စာသင်ကျောင်းမှာရှိတဲ့ ကျောင်းဆရာနှစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၄ ဦးအထိ သေဆုံးခဲ့ရသလို ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်လော်ဘီတွေက ကျောင်းခန်းထဲ PDF တွေ လက်လုပ်မိုင်းလုပ်လို့ ပေါက်ကွဲတာကို စစ်တပ်ကို လွှဲချတယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ပိုစ့်တွေအောက်မှာ ရေးသားကြသလို ဇာတ်လမ်းဆင် လိမ်လည်တာဆိုပြီးတော့လည်း ဖြစ်စဉ်ကို ဝေဝါးအောင် ပုံဖျက်ကြပါတယ်။

ဒီအပေါ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ ပြည်တွင်းက တော်လှန်ရေးထောက်ခံသူတွေ ထောက်ပို့တွေ ပြည်သူတွေကတော့ စစ်တပ်လော်ဘီတွေရဲ့ ဝါဒဖြန့် ပုံဖျက်မှုတွေကို ဖုံးလွှမ်းသွားနိုင်တဲ့ အချက်အလက်တွေနဲ့ မတန်ပြန်နိုင်ပါဘူး။

အကြောင်းရင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေး သားခွင့်တွေကို အရေးယူထောင်ချလို့ရတဲ့ ဥပဒေပုဒ်မတွေနဲ့ ကန့်သတ်ထားသလို လူမှုကွန်ရက်အသုံးပြုမှုတွေကိုလည်း စစ်ကောင်စီက စောင့်ကြည်နေတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီအနေနဲ့ တပ်လော်ဘီတွေရဲ့ ပြောဆိုမှုတွေကို လိုက်လုပ်နေတဲ့အနေအထားဖြစ်တဲ့အတွက် လီဆယ်ပြောဆိုမှုတွေကို တော်လှန်ရေးဘက်မှာ ပါဝင်သူတွေ အ ချက်ကျလက်ကျ တန်ပြန်သင့်တယ်လို့ ထောက်ပြပါတယ်။

“သူတို့တွေ လီဆယ်ပြီး ပြောနေတယ်ဆိုတာမျိုး ပိုမိုထင်ရှားလာအောင် တော်လှန်ပြည်သူတွေရော ကြားနေပြည်သူတွေရော စစ်တပ်ထောက်ခံတဲ့ ပြည်သူရောပါ အားလုံးယုံကြည်အောင် ကျွန်တော်တို့ဘက်ကလည်း တန်ပြတိုက်ခိုက်ရပါမယ်။ သူတို့ လော်ဘီတွေက အဆင့်အတန်းရှိတဲ့ အနေအ ထား မဟုတ်ပါဘူး။ ကျွန်တော်တို့ နွေဦး‌တော်လှန်ရေးမှာပါတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေထဲမှာ ပညာ တတ်တွေ အသိပညာ အတတ်ပညာရှင်တွေ အများကြီးပါပါတယ်၊ အနုပညာရှင်တွေရော။ ဒီပုဂ္ဂိုလ်တွေကပါ စစ်ကောင်စီလော်ဘီတွေရဲ့ ဟာတွေကို တုံ့ပြန်ဖြေရှင်းစရာမလိုဘူး ဆိုပေမယ့် ပြည်သူတွေကို အမှန်တရားသိအောင် ရှင်းပြသင့်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးအစောပိုင်းကာလတွေမှာ Facebook ဆိုရှယ်မီဒီယာရဲ့ တား မြစ်ပိတ်ပင်မှုတွေကြောင့် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးသတင်းတွေကို တယ်လီဂရမ်ချန်နယ်တွေကတဆင့် ကူးပြောင်းခဲ့ပါတယ်။

စစ်တပ်ထောက်ခံသူတွေ တပ်လော်ဘီတွေအပါအဝင် အ‌ထောက်အပံ့ပေးထားတဲ့ သတင်းမီဒီယာကဏ္ဍက ပုဂ္ဂိုလ်တချို့ကလည်း တယ်လီဂရမ်ချန်နယ်တွေမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေကို ဆက်လက်အသက်သွင်းခဲ့ပါတယ်။

တပ်‌လော်ဘီတွေရဲ့ ပုံဖျက်မှုတွေထဲမှာ လမ်းတံတားတွေ ဗုံးခွဲဖျက်ဆီးခံရလို့ သွားလာပို့ဆောင်ရေးအခက်ခဲကြောင့် ကုန်ဈေးနှုန်းတက်တာအပါအဝင် လျှပ်စစ်တာဝါတိုင်တွေ ဖျက်စီးခံရလို့ မီးပျက်တာ PDF တွေကြောင့်ဆိုတဲ့ အထင်ရောက်အောင် ဝါဒဖြန့်လှုံ့ဆော်နေကြတာပါ။

ဒါဟာ စစ်တပ်အာဏာသိမ်းလို့ တိုင်းပြည်က ဘက်ပေါင်းစုံ ချွတ်ခြုံကျနေတာကို ပြည်သူတွေက စစ်ကောင်စီကို လက်ညှိုးထိုး အပြစ်ပုံချတာကို ရှောင်ရှားပြီး တော်လှန်ရေးအဖွဲ့တွေကို လွှဲချတာဖြစ်ဖို့ အထူးဂရုပြုသင့်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။

မွန်ပြည်တော်လှန်‌ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တပ်လော်ဘီတွေရဲ့ နည်းမျိုးစုံ ဝါဒဖြန့်ပုံဖျက်မှုတွေကို တန်ပြန်မတိုက်ခိုက်နိုင်ရင် ပြည်သူတွေရဲ့ ထောက်ခံမှု လျော့လာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါကို ကျော်လွှားနိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးက စစ်ရေးဘက်မှာ တွန်း အားအရှိန်မြှင့်သလို မီဒီယာဘက်မှာလည်း အရှိန်အဟုန်မြင့်မြင့်နဲ့ ပြန်လည် ခုခံတိုက်ခိုက်သွားဖို့တော့ လိုတယ်။မဟုတ်လို့ရှိရင် ပြည်သူတွေရဲ့ ထင်မြင်လွဲမှုကို ကျွန်တော်တို့ ခံရပြီးတော့ ထောက်ခံမှုတွေလည်း လျော့လာမှာဖြစ်တယ်” လို့ ဆိုပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီက အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ကို စစ်တပ်လော်ဘီတွေက ကိုယ့်အမှားကို သူများအမှားဖြစ်အောင် ပြည်သူတွေရဲ့ အတွေးထဲ သံသယစိတ်ဝင်အောင် ကြားနေပြည်သူတွေ များလာအောင် တွန်းပို့နေတာလို့ သုံးသပ်ကြပါတယ်။

NUG ကလည်း သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြတဲ့ စစ်တပ်လော်ဘီတွေအားလုံးကို ဥပဒေနဲ့ အညီ အပြစ်ပေးအရေးယူနိုင်ရေး ကြိုးပမ်းသွားမှာဖြစ်သလို စစ်တပ်ရဲ့ ကျူးလွန်နေမှုတွေ ရပ်တန့်စေရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း လက်တွေ့ကျတဲ့ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.