နေပြည်တော် ၊ မေ ၂၁

နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင် စီက တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်သမားလို့ သုံးနှုန်းပြီး ပညာရေးကဏ္ဍကို မနှောင့် ယှက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

မေ ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးမှာ စစ်ခေါင်းဆောင်က အမှားစကားပြောကြားရာမှာ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေမယ်ဆိုပါက အဲဒီဒေသတွေအနေနဲ့ အခြားဒေသတွေရဲ့ နောက်မှာကျန်ခဲ့မှာဖြစ်သလို ပညာရေးကဏ္ဍကို နှောက်ယှက်ဖျက်ဆီးခြင်းဟာ မိမိတို့ အနာဂတ်ကို ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် အသိရှိဖို့ လိုအပ်တယ်လို့ သူ့အပြစ်ကို ဖုံးကွယ်ပြောဆိုခဲ့တာပါ။

CDM ဆရာမတစ်ဦးကတော့ စစ်ကောင်စီက သူတို့ကိုယ်တိုင် ဗုံးပတ်ကြဲပြီး အခုလို ပညာရေးကဏ္ဍကို မနှောင့်ယှက်ဖို့ ပြောဆိုတာဟာ ဗြောင်လိမ်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက စာသင်ကျောင်းတွေကို ဗုံးပတ်ကြဲနေတာကတော့ ဒါက နိုင်ငံတကာလည်း သိပြီး လူတွေလည်း အကုန်လုံး ပြည်သူတွေလည်း သိတယ်ပေါ့နော်။ အကုန်လုံးသိပြီးတော့မှ သူက တစ် ခါပြန်ပြီးတော့ ပြောနေသေးတယ်ဆိုတော့ ဗြောင်လိမ်တယ်။ ဗြောင်ငြင်းတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေဗုံးကြဲပြီး ကျောင်းသား၊ ကျောင်း သူတွေကို တိုက်ခိုက်သတ်ဖြတ်တာဟာ ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ခန်းထဲ မဝင်နိုင်အောင် လုပ်တာဖြစ်ပြီး အနာဂတ်မှာ ပညာတတ်မရှိအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပညာရေးကဏ္ဍကို မဖျက်ဆီးဖို့ ပြောလာတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က စစ်ကိုင်း တိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆ ရာမတွေအပါအဝင် ကလေးငယ် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန လက်အောက်ခံ ကြားကာလပညာ ရေးကျောင်း တစ်ကျောင်းလည်း ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီက ပညာရေးကဏ္ဍကို မနှောင့်ယှက်ဖို့ ပြောဆိုနေပေမယ့် သူတို့ကိုယ်တိုင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပ‌ဒေကို ဖောက်ဖျက်တာဖြစ်သလို အင်မတန်ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ ဆေးရုံနဲ့ စာသင်ကျောင်းကို ပစ်မှတ်ထားခွင့်မရှိဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတာရှိတယ်။ စာသင်ကျောင်းကို တိုက်တယ်ဆိုတာဟာ လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်တာ ဖြစ်ပြီးတော့ နိုင်ငံတကာက သဘောတူညီထားတဲ့ ဥပ‌ဒေကို ဖောက်ဖျက်ရာ ရောက်တယ်။ စာသင်ကျောင်းကို ဗုံးကြဲတာ တိုက်ခိုက်တာဟာ အကြမ်းဖက်အင်မတန်မှကြီးပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ၆ ခုထဲက တစ်ခုဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ ပြည်သူတွေကို တော်လှန်ရေး အင်အားစုတွေနဲ့ မပူးပေါင်းနိုင်အောင် ခြောက်လှန့်တာဖြစ်သလို နိုင်ငံတကာ ဖိအားမခံရအောင်လည်း ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ဗြောင်လိမ်တာတွေ လုပ်ဆောင်လာတယ်လို့ သူက ဆက်ပြောပါတယ်။

စာသင်ကျောင်းတွေကို ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီကတော့ ပညာတတ်လူသားအရင်းအမြစ်ကောင်းတွေ မဖြစ်မနေ ဖော်ဆောင်ပေးရမှာဖြစ်ပြီး ပညာတတ်တွေ ရှိမှသာလျှင် နိုင်ငံအနာဂတ်အတွက် စိတ်ချရမှာကို အမြဲခံယူထားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ အခုနှစ် မေ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ စာသင်ကျောင်း ၂၄၀ ကျော် ဗုံးကြဲတိုက် ခိုက်ခံခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.