ကော့ကရိတ်၊ မေ ၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မှာ စစ်ရှောင်ရာကနေ နေအိမ်ခဏပြန်လာတဲ့ CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ CDM ကျောင်းဆရာ ကိုသက်ဦးဟာ နေအိမ်မှာရှိတဲ့ ပစ္စည်းတချို့ လာရောက်ကောက်စဉ် သူနေအိမ်အနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် CDM ကျောင်းဆရာ ကိုသက်ဦးဟာ လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ ကျောင်းဆရာရဲ့ နာရေးကိုတော့ မြို့ပေါ်မှာကျန်ရစ်နေသူအချို့က ဆောင်ရွက်ပေးဖို့ စီစဉ်လုပ်ကိုင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ဒီလက်နက်ကြီးဟာ ကျုံဒိုးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၄၆ ခြေမြန် တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးလို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်ကတည်းက ကော့ကရိတ်မြို့နဲကျုံဒိုးမြို့အနီးဝန်းကျင်တိုက်ပွဲတွေကြောင့် ကျုံဒိုးမြို့ပေါ်က ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အိမ်စောင့်အချို့သာ ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။

မေ ၂၀ ရက်နေ့အထိလည်း ကျူံဒိုးမြို့ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ကျုံကွယ်ကျေးရွာက ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။

ကော့ကရိတ်မြို့နဲကျုံဒိုးမြို့အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၄၀ နီးပါး ရှိကာ စစ်ရှောင်ရသူ တစ်သိန်းကျော်အထိ မြင့်တက်လာတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.