လှိုင်းဘွဲ၊ မေ ၂၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျော်ကေထကျေးရွာရှိ မော်ဖိုးကေစစ်စခန်းသိမ်းတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲ ထွက် ပြေးခိုလှုံလာတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေ ထိုင်းနယ်စပ်အနီးအနားဝန်းကျင်မှာ တည်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လျက်ရှိနေပြီး အခုအခါမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ မော်ဖိုးကေစခန်းကို ထိုးစစ်ဆင်တာတွေ စတင်လုပ်ဆောင်နေပါတယ်။
ထိုင်းနယ်စပ်နားမှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစခန်းကို မေ ၁၉ ရက်နေ့ ထိုင်းစံတော်ချိန် ၁ နာရီ ၄၅ မိနစ်အချိန်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က ဒရုန်းနဲ့ စတင်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ် စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
KNLA KNDO ပူးပေါင်းတပ်တို့ရဲ့ ဒရုန်းအသုံးပြုပြီး ဗုံးကြဲချတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစခန်း ဝန်းကျင်တဝိုက်မှာ ပေါက်ကွဲသံတွေ ကျယ်လောင်စွာကြားနေရပြီး ဒေသခံအရပ်သားပြည်သူ ၁၀၀ ကျော်ဟာ နယ်စပ်သောင်းရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်ခြမ်း ထာ့ဆောင့်ယန်းမြို့နယ်၊ မဲ့တန်ကျေးရွာထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးရောက်ရှိလာတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေကို ကြိုဆိုကူညီလက်ခံထားပြီး နေရာချထားပေးကာ လူသားချင်းအကူအညီ ပေးအပ်တာတွေ လုပ် ဆောင်နေသလို နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး ၂၄ နာရီမပြတ် စောင့်ကြည့်လျက်ရှိနေတယ်လို့ ထိုင်းစစ်တပ်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ မယ်လစခန်း၊ ပူးလူးတူစခန်း၊ ခလယ့်ဒေးစခန်း၊ တခေါဘီခီးစခန်း၊ မော်ဖားသူစခန်းနဲ့ တာလယ်ဗျူဟာစခန်းတို့ကို KNLA KNDO ပူးပေါင်းတပ်က ပြီးခဲ့တဲ့ မတ် လကနေ မေလအတွင်း သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူမှုအတွင်း စစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာထွက်ပြေးသွားကြတာတွေ ရှိနေတဲ့အတွက် KNLA KNDO ပူးပေါင်းတပ်က လိုက်လံရှင်းလင်းတိုက်ခိုက်နေရတယ်လို့လည်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ကနေ သိရှိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Aung Aung