ဆုံးရှုံးခဲ့ရတဲ့လွတ်လပ်ရေးကို ပြန်တိုက်ယူရေး မွန်ပြည်သူတိုင်း အင်အားဖြည့်ဖို့ NRFF တိုက်တွန်း
မော်လမြိုင် ၊ မေ ၂၀
လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်တိုက်ယူဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည် ပြန်လည်တည်ဆောက်နိုင်ရေး မွန်ပြည်သူတိုင်း ကျရာကဏ္ဍတွေမှာ အင်အားဖြည့်တင်းရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က တိုက်တွန်းပါတယ်။
ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ဦးအောင်ဇေယျကြောင့် မွန်ပြည်အချုပ်အခြာအာဏာကျဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၂၆၈ နှစ်မြောက် ဟံသာဝတီမွန်ပြည် ပျက်သုဉ်းခြင်းနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မွန်တို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ပြည်တွင်းသာမက ပြည်ပရောက် မွန်လူငယ်တွေကလည်း ကျရာကဏ္ဍတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အင်အားဖြည့်တင်းသွားဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မွန်နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ မွန်ပြည်သူတွေအကျိုးကို ရှေးရှုပြီး ဖက်ဒရယ်အခြေပြု မွန်ပြည်အစိုးရတစ်ရပ်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ကိုလည်း NRFF က တိုက်တွန်းထားတာပါ။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဆန့်ကျင်တဲ့ စစ်ကောင်စီရွေးကောက်ပွဲကို မွန်ပြည်သူတွေ ဝင်ရောက်ခြင်းနဲ့ အကူအညီပေးခြင်းလုပ်ငန်းတွေကို မွန်ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်သွားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NRFF တာဝန်ခံ မင်းသံလွင်က ဘယ်အာဏာရှင်ထံမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို တောင်းယူလို့ မရနိုင်တာကြောင့် ပြင်လို့မရတဲ့ သမိုင်းဟောင်းကို ဝမ်းနည်းနေမယ့်အစား သမိုင်သစ်ရေးထိုးရတော့မယ့်အချိန်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွန်တို့ရဲ့ ဟံသာဝတီပြည် ပျက်သုဉ်းပြီးနောက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် တော်လှန်ရေးကာလမှာ မွန်တို့ဟာလည်း တနိုင်ငံလုံးက ပြည်သူတွေ စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေတဲ့ အချိန်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဘယ်အာဏာရှင်ထံမှ ကိုယ့်လွတ်လပ်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် တောင်းယူလို့မရနိုင်ဘူး။ ဒါကြောင့် ပြင်လို့မရတော့ သမိုင်းဟောင်းဖြစ်တဲ့ ဟံသာဝတီပျက်သုဉ်းခြင်းနေ့ အထိမ်းအ မှတ်နေ့ကိုထိုင်ပြီး ဝမ်းနည်းပူဆွေးနေမယ့်အစား လက်ရှိကာလမှာ မွန်ဒေသအာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့ ရုန်းကန်တိုက်ပွဲဝင်ပြီး သမိုင်းသစ်ရေးထိုးရတော့မယ့်အချိန် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမွန်တွေရဲ့ စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်အရှိန်ကောင်းလာတာဟာ စစ်အာဏာ ရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှသာ မွန်တွေလိုလားတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရမှာကို ယုံကြည်တဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးမျိုးဆက်သစ်တွေက ပြန်လည်စတင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆုံးမှုကြီးမားပြီး အင်အားချည့်နဲ့လာနေတဲ့ စစ်ကောင်စီဟာ သူတို့ ခြယ်လှယ်နိုင်သေးတဲ့ မွန်ဒေသအပါအဝင် တောင်ပိုင်းဒေသကို အကျိုးစီးပွားအတွက် အသုံးချနေတယ်လို့ NRFF က ဆိုပါတယ်။
စစ်ကောင်စီက စစ်ရေးဖြည့်တင်းတာ၊ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းကာ ငွေရပေါက်စီမံကိန်းဖော်ဆောင်ခြင်းတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုကို ဆက်လက်ခြိမ်းခြောက်နေတဲ့အပြင် နိုင်ငံရေးထွက် ပေါက်လို့ ယုံကြည်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတာပါ။
လက်ရှိကာလမှာ ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကြီးတွေကို ကြုံတွေ့နေရချိန်မှာ စစ်ကောင်စီက ပြည်သူနဲ့ ကလေးသူငယ်တွေအပေါ် စာနာစိတ်ကင်းမဲ့စွာ လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်တာကို ကြိမ်ဖန်များစွာကျူးလွန်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အမျိုးသားရေးအစွန်းရောက် ဖက်ဆစ်စစ်ကောင်စီကို အမြစ်ဖြတ်မတိုက်ဖျက်နိုင်ရင် မွန်တွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဝေးကွာပြီး လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်ဖို့ မလွယ်တော့ဘူးလို့ NRFF က ထောက်ပြပါတယ်။
ဒါကြောင့် မွန်လူထုတွေအနေနဲ့ အတိတ်ကို လွမ်းနေရုံနဲ့မပြီးဘဲ မိမိတို့ ဆုံးရှုံးခဲ့ရတာကို ပြန်လည်တိုက်ယူဖို့ မွန်ပြည်တစ်ရပ် ပြန်လည်တည်ဆောက်ဖို့ မွန်ပြည်သူပြည်သား အယောက်ချင်းစီတိုင်း တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF