နောင်ချို၊ မေ ၁၇
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အပစ်ရပ်ကာလနှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အပစ်ရပ်ကြေညာထားတဲ့ မေ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်ဟာ တအာင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
မနေ့ မေ ၁၆ ရက် မနက် ၉ နာရီခွဲအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့ သုံးဆယ်ရွာကို အသေခံဒရုန်းနဲ့ သုံးကြိမ်တိုင်တိုင် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အလားတူ မေ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အပစ်ရပ်ကြေညာထားတဲ့ တစ်လအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေရှိ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ငလျင်ဒဏ်ကြောင့် အပစ်ရပ်ကြေညာထားတဲ့ ဧပြီ ၃ ရက်နေ့ကနေ မေ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈၀ ကျော် သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA