နေပြည်တော် ၊ မေ ၁၈

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်တဲ့အတွက် အချိန်မီ ကြိုတင်ထုတ်ပြန်ပေးမယ်လို့ မေ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတတိယအပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့သာ ကြေညာထားပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလကိုလည်း သတ်မှတ်ထားတာ မရှိသေးပါဘူး။

ကော်မရှင်ဘက်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အ မည်စာရင်း စိစစ်ပြီးချိန်မှာ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်း ပဖို့ လျာထားတယ်ဆိုတဲ့ အကြောင်းကြားစာကိုသာ UEC က ပေးပို့လာတဲ့အတွက် ဘာမှလုပ်လို့ မရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဇင်ဘာလမှာ လုပ်မယ်လို့ ကြေညာထားတယ်ဆိုပေမယ့် ဘယ်ရက်လဲ ဘယ်နေရာတွေလုပ်မှာလဲ ဘယ်နေ့အတိအကျလဲ ဆိုတဲ့ဟာက မလာသေးတဲ့အတွက် ကျွန်တော်တို့လည်း စောင့်နေတာပဲ။ ပါတီထောင်ထားပြီးဖြစ်တဲ့အတွက် ရွေးကောက်ပွဲတော့ ဝင်ရမှာပေါ့။ဒါပေမယ့် ကရင်ပြည်နယ်အခြေအနေ အားလုံးသိပါတယ်။ ကျွန်တော်တို့က မြို့နယ်တိုင်း ရွေးကောက်ပွဲလုပ်ပေးမှာလား အဆင်ပြေတဲ့ မြို့နယ်လောက်ပဲလား။ အဲဒါက မသိရသေးသ‌ရွေ့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာ နယ်မြေသတ်မှတ်မှုနဲ့ ကျင်းပမယ့်ရက် ကြေညာပြီးရင်တော့ ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့ လှုပ်ရှားမယ်လို့ သူက ဆက်ပြောပါတယ်။

ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ရွေးကောက်ပွဲကျင်းပမယ့်ရက် သတ်မှတ်ပြီးရင် လွှတ် တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာ၊ စိစစ်တာတွေကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက ဆောင်ရွက်ပေးရပါတယ်။

အဲဒီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာပေးပြီးရင်တော့ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီ မဲဆွယ်စည်းရုံးခွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ အချိန်ကာလအားဖြင့် သုံးလကျော်လောက်သာ ရရှိတော့မှာပါ။

စစ်ခေါင်းဆောင်က ဒီဇင်ဘာတတိယပတ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောထားတာမို့ အဲဒီရက်မတိုင်ခင် ရက်ပေါင်း ၆၀ အတွင်း တနည်းအားဖြင့် အောက်တိုဘာတတိယပတ်မှာ မဲဆွယ်စည်းရုံးရေးကာလအဖြစ် သတ်မှတ်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းဖို့ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေး ကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် တစ်လကျော်လောက်ကြိုတင်တာဖြစ်လို့ စက် တင်ဘာ ပထမပတ်အတွင်း ကော်မရှင်က ကြေညာလာနိုင်ပါတယ်။

ဒီအပေါ် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတွေဘက်က သက် ဆိုင်ရာ ပါတီမူဝါဒတွေနဲ့ ကိုက်ညီမယ့် ကိုယ်စားလှယ်လောင်းတွေကို လက်ရှိအချိန်ကစပြီး ဩဂုတ်အထိ ရွေးချယ်ဖို့ အချိန်ရမှာပါ။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်မယ့် မြို့နယ်တွေကို အရင်ကြေညာပေးရမှာဖြစ်ပြီး အဲဒီအ‌ပေါ် မူတည်ကာ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ စဉ်းစားရမှာလို့ ပြောပါတယ်။

“ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ဖြစ်ဖြစ် ခရိုင်ဖြစ်ဖြစ် အရင်ကြေညာရမှာပေါ့။ အဲဒီအပေါ် မူ တည်ပြီးမှ သက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ ရွေးချယ်ဖို့ အစီအစဉ်ရှိတာပေါ့။ ဘယ်မြို့နယ် ဘယ်ဒေသကို မလုပ်သေးဘူး၊ ဘယ်‌ဒေသကို လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့အရင် ပြတ်ပြတ်သားသားသိဖို့ အရင်လိုမှာပေါ့။ အဲဒါပြီးတော့မှ ဒုတိယအဆင့် ကိုယ်စားလှယ်လောင်းကို စဉ်းစားရမှာပေါ့” လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာ အရင်လား ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးတော့မှ မဲဆွယ်စည်းရုံးရေးကာလ အချိန်ဘယ်လောက်သတ်မှတ်မယ်ဆိုတဲ့အပေါ် မူတည်ပြီး မီးစင်ကြည့်ကရမယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲကိုတော့ အီလက်ထရောနစ်မဲပေးစက်နဲ့ အသုံးပြုမှာဖြစ်ပြီး ကျင့်သုံးမယ့်စနစ်ကိုတော့ နိုင်သူအကုန်ယူစနစ် FPTP နဲ့ PR လို့ ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ် နှစ်ခုထဲက ဘယ်ဟာကို ကျင့်သုံးမယ်ဆိုတာ မကြေညာရသေးပါဘူး။

လုံခြုံရေးအခြေအနေအရ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ကြေညာဖို့ အခက်အခဲရှိနိုင်တာမို့ ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ Close List PR စနစ်နဲ့ သွားသင့်တယ်လို့ ထောက်ပြကြတဲ့ ပါတီတွေလည်း ရှိနေတာပါ။

လက်ရှိမှာ ကော်မရှင်ကနေ တည်ဆဲနိုင်ငံရေးပါတီအဖြစ် ၅၄ ပါတီကို ခွင့်ပြုပေးထားပြီး အဲဒီထဲက ၉ ပါတီဟာ တစ်နိုင်ငံလုံးစည်းရုံးမှာဖြစ်ပြီး ကျန် ၄၅ ပါတီကတော့ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမှာပါ။

အဲဒီပါတီတွေထဲက သတ်မှတ်ရုံးခန်းအရေအတွက် ဖွင့်လှစ်ထားနိုင်တာရှိသလို မဖွင့်လှစ်နိုင်သေးတဲ့ ပါတီတွေကိုတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်ခင် ရက်ပေါင်း ၉၀ ကြိုတင်ပြီး သတ်မှတ်ရုံးခန်း ပြည့်မီနိုင်ရေး လုပ်ဆောင်ရမယ်လို့ ကော်မရှင်က ဆိုပါတယ်။

တစ်ဘက်မှာ နယ်မြေအခြေအနေ အကန့်သတ်ချက်ရှိတာကြောင့် လုံခြုံရေးကောင်းမွန်တဲ့ မြို့ နယ်တွေမှာ ပါတီရုံးခန်းတွေ ယာယီတွဲဘက် ဖွင့်လှစ်ခွင့်ပြုထားပြီး ပါတီတွေအတွက် ကော်မရှင်က ဖြေလျှော့ပေးပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.