ဗာတီကန်စီးတီး မေ ၁၇
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရေး ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ အစ္စတန်ဘူလ် ဆွေးနွေးပွဲ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဗာတီကန် နန်းတော်က လက်ခံ ကျင်းပပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
လိုအပ်လို့ရှိရင် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်ကို ရုရှားနဲ့ ယူကရိန်းကြား တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ နေရာဖြစ်လာအောင် လုပ်ပေးဖို့ ဆန္ဒရှိတယ်လို့ ဗာတီကန် နန်းတော် နိုင်ငံခြားရေးဝန်ကြီးရဲ့ မေ ၁၆ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တူရကီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေ မအောင်မမြင်ဖြစ်သွားလို့ ဗာတီကန် နန်းတော်က စိတ်မကောင်း ဖြစ်ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ယူကရိန်းရဲ့ ဂရိကတ်သလစ် ဘုရားကျောင်း ခေါင်းဆောင်ကို ဗာတီကန် နန်းတော်မှာ မေ ၁၅ ရက်က လက်ခံ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစွာ အဆုံးသတ်ရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်း ပြောကြားခဲ့တာပါ။

ယူကရိန်း ဘုန်းတော်ကြီးက ပုပ်ရဟန်းမင်းကြီးကို ယူကရိန်းသို့ ဖိတ်ခေါ်ပြီး လက်ရှိ ရုရှား ဖမ်းဆီးထားတဲ့ ယူကရိန်း အကျဉ်းသားတွေရဲ့ စာရင်းကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လက်ထက်မှာ ဗာတီကန်က အကျဉ်းသား လဲလှယ်ရေးနဲ့ ယူကရိန်း ကလေးငယ်တွေကို ရုရှားက ပြန်လည် ပို့ဆောင်ရေး ထောက်ခံ အားပေး ကူညီခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကို မေ ၁၈ ရက်မှာ တရားဝင် ရာထူး ခန့်အပ်မှာ ဖြစ်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်တို့ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
Ref:Euronews