ဖာပွန်၊ မေ ၁၈
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လယ်မူပလောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စခန်းကိုလည်း ပိတ် ဆို့ဝိုင်းရံထားတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထော်မုပလဲ့မဲ(လယ်မူပလော) တပ်စခန်းကို FFD ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ KNLA ဒရုန်းသင်တန်းသားတွေက တိုက်ခိုက်နေတာကို မေ ၁၄ ရက်နေ့မှာ Force for Federal Democracy-FFD ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
လယ်မူပလောစခန်းဟာ ဖာပွန်မြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်းရဲ့ ဝင်ထွက်သွားလာနေတဲ့ နေရာတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့ဝိုင်းရံထားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ ပစ်ခတ်လျက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်လည်း စခန်းထဲကနေ ပြန်လည်တုံ့ပြန်ပစ်ခတ်နေတာပါ။
အဲဒီစခန်းကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့သာ ပစ်ခတ်မှုတွေသာ လုပ်ဆောင်နေသေးပြီး စခန်းပေါ်ကို တက်ရောက်တိုက်ခိုက်တာတွေမျိုးတွေ မရှိသေးသလို ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုကိုလည်း မသိရသေးဘူးလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေဧရိယာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား လတ်တလောမှာ နှစ်ဖက်တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားတာ မရှိသေးပေမယ့် ဖာပွန်ဘက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ထားတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို လေယာဉ်ပျံနဲ့ လာရောက်ဗုံးကြဲတာတွေရှိသလို ဖာပွန်အောက်ဘက် ကမမောင်းကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပေမယ့် လက်ရှိအချိန်ထိ ကတိုင်တိကို ရောက်ရှိလာတာမရှိသေးဘဲ ကမမောင်းအနီးမှာသာ စစ်ရေးလှုပ်ရှားနေတုန်းပဲလို့ သိရပါတယ်။
ကမမောင်းကနေ ကတိုင်ဘက်ကို စစ်ကူလာဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား နေ့တိုင်း ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Force for Federal Democracy-FFD