ဒိုဟာ၊ မေ ၁၇
အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝ မထုတ်လုပ်ရေး ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်ပြီး မဟုတ်ရင် လူတွေ တစ်ခါမှမမြင်ဖူးတဲ့ တိုက်ခိုက်မှုမျိုးနဲ့ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မေ ၁၅ ရက် နံနက်ပိုင်းက ဒိုဟာမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်တဲ့ နံနက်စာစားပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
တီဟီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ဖျက်ချပစ်ဖို့ တောင်းဆိုမှုတွေကို လက်မခံနိုင်ဘူးလို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က စောစောပိုင်းက ပြောထားပါတယ်။

အီရန်အနေနဲ့ နျူကလီးယား စွမ်းအင် သုံးစွဲခွင့်ကို လုံးဝ စွန့်လွှတ်သွားမှာ မဟုတ်ဘဲ ဖိအားပေးခံနေရပေမယ့် ဘယ်လို အခြေအနေမျိုးကြောင့် ဖြစ်ဖြစ် မိမိတို့ရဲ့ အခွင့်အရေးတွေကို လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ အီရန်သမ္မတက ပြောတာပါ။
အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ရေး ရည်မှန်းချက်တွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုအတိုင်း လိုက်နာရေး လုပ်ဆောင်ကောင်း လုပ်ဆောင်နေတာ ဖြစ်နိုင်ပေမယ့် အပြီးသတ် သဘောတူညီမှု ရယူဖို့ လိုသေးတယ်လို့ ထရန့်က ပြောပါတယ်။
အီရန်အပေါ် သဘောထား ဆက်လက် တင်းမာရေး ထရန့်ကို လွှတ်တော်တွင်း ရီပက်ဘလေကန်အမတ်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ရုရှားနဲ့ တရုတ်ဆီက ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းနေပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက် ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာက သံသယ ရှိနေပေမယ့် မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေး သက်သက်အတွက် ဖြစ်တယ်လို့ တီဟီရန်က တုံ့ပြန် ထားပါတယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်ကြား လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယား သဘောတူညီမှုက အမေရိကန်ကို ဒေါ်နယ်ထရန့်က နုတ်ထွက်စေခဲ့ပြီး နောက်ပိုင်း တီဟီရန်က ယူရေနီယံ သန့်စင်မှုတွေကို လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးအထိ တိုးပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Ref:Fox News