လှိုင်းဘွဲ၊ မေ ၁၆
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
အမှတ် ၂၄ ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲထားတဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်တို့က ဒီနေ့ မေ ၁၆ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပါ။

မော်ကွီးလု (မယ်လ) တပ်စခန်းကို KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်ရက်အကြာမှာပဲ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ကွီးလု (မယ်လ) တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံး ထွက်ပြေးသွားတဲ့အတွက် စခန်းတစ်ခုလုံးကို အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ အရေးကြီးဆုံး ဗျူဟာစခန်းဖြစ်တဲ့ တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU