မော်လမြိုင် ၊ မေ ၁၇

ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အစုအဖွဲ့တွေကြား မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်မှုနဲ့အတူ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြချိန်မှာ ရွေးကောက်ပွဲအပေါ် ဘယ်လောက်စိတ်ဝင်စားမှုရှိနိုင်မလဲဆိုတာ စိန်ခေါ်မှုတစ်ရပ် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစုအဖွဲ့တချို့က ရွေးကောက်ပွဲကနေ အရပ်သားအုပ်ချုပ်ရေးကို တက်လှမ်းနိုင်တဲ့အမြင် ရှိသလို တချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်လည်အောက်ရှိသွားမယ့်အပေါ် စိုးရိမ်ပူပန်တာကြောင့် မလိုလားတဲ့ အစုအဖွဲ့တွေလည်း ရှိနေပြန်ပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ နိုင်ငံရေးအခင်းအကျင်းအရ အမြင်အမျိုးမျိုးရှိနေတဲ့အပေါ် ရွေး ကောက်ပွဲကြောင့် ပြည်သူတွေ ပဋိပက္ခအသစ်တစ်ခု ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်တယ်လို့ ဗိုလ်မှူး ကြီး စောကျော်ညွန့်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကောင်းတယ်ဆိုးတယ် မပြောဘဲနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ ပြည်သူတွေကြားမှာ နိုင်ငံရေးအင်အားစုတွေကြားမှာ အမြင်အမျိုးမျိုးရှိနေတဲ့ ကာလတစ်ခုအောက်မှာ ရွေးကောက်ပွဲကြောင့် ပြည်သူလူထုတွေ နောက်ထပ် ပဋိပက္ခအသစ်တစ်ခု ထပ်မံကြုံတွေ့ရမှာကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်ပူပန်မှု ရှိပါတယ်ဆိုတာကိုတော့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမလုပ်ခင် သက်ဆိုင်သူ အင်အားစုတွေကြား နိုင်ငံရေးသဘောတူညီချက် ကြိုတင်ရယူနိုင်ရေး မတ်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ Peace Talk အပါအဝင် နိုင်ငံတကာအဖွဲ့အ စည်းတွေနဲ့ စစ်ကောင်စီဥက္ကဌထံ အကြံပြုချက်ပေးပို့ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ စတုတ္ထအကြိမ်အဖြစ် အွန်လိုင်းကနေ ပြုလုပ်တဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရှရုား အပါအဝင် နိုင်ငံ့ခေါင်းဆောင်တချို့ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပရေးဟာ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ကနေ ဆုံးဖြတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ်နဲ့ သွေဖယ်နေတာပါ။

အစီအစဉ်တွေထဲမှာ ပဋိပက္ခမှာ ပါဝင်သူအဖွဲ့တွေအားလုံး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြိုတင်သတ်မှတ်ချက် မရှိဘဲ အပစ်ရပ်ရေးကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကတိကဝတ်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ ရလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်ပါတယ်။

ဒါဟာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျော်လွှားဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းတာမျိုး မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်း ကြောင်းကို တစ်ဆင့်ချင်း ဦးတည်နေတာပါ။

ဒီအခြေအနေမှာ အပစ်ရပ် EAO တွေရဲ့ ထိန်းချုပ်ဒေသတွေအတွင်း ရွေးကောက်ပွဲကျင်းပရာမှာ ပူးပေါင်းမှုတွေလုပ်ဖို့နဲ့ လုံခြုံရေးအတွက်ပါဝင်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုရှိခဲ့တဲ့အပေါ် ယှဉ်ထိုးစဉ်းစားရမယ့်အချက် ဖြစ်နေပါတယ်။

ဗိုလ်မှူးကြီး စောကျော်ညွန့်ပြောတာက တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ဆောင်နိုင်တဲ့အတိုင်းအတာပေါ် မူတည်တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စက ကျွန်တော်တို့ ဟိုးအရင်တုန်းကလည်းပဲ တဖွဲ့ချင်းစီရဲ့ တွေ့ဆုံညှိနှိုင်းမှုကနေ ဘယ်အဖွဲ့တွေကတော့ သဘောတူညီမှုတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ အတိအကျတော့ ကျွန်တော် မသိပါဘူး။ ဒါက ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ကတော့ တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ဆုံး ဖြတ်ပိုင်ခွင့်နဲ့ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေအပေါ်မှာ တစ်ဖွဲ့ချင်းစီရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာပေါ်မှာပဲ သွားဖို့ ကျွန်တော်အဲဒီလိုပဲ နားလည်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ အပစ်ရပ် EAO တွေအများစုဟာ အင်အားမရှိတဲ့အတွက် စစ်ရေးလှုပ်ရှားမှုမရှိသလို နယ်မြေစိုးမိုးမှုကလည်း ဒေသအများအပြား မရှိတဲ့အတွက် ရွေးကောက်ပွဲဆိုင် ရာတွေမှာ ပူးပေါင်းဖို့ အားနည်းမယ်လို့ သုံးသပ်ကြပါတယ်။

တစ်ဘက်မှာ အပစ်ရပ် EAO တွေထဲက ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ဟာ အသွင်မတူတဲ့ ရပ်တည်ချက်တွေနဲ့ အုပ်စုနှစ်ခု ဖြစ်ပေါ်နေတာပါ။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.