ဘန်ကောက်၊ မေ ၁၆
အလုပ်သမား ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့ရှိ အထပ်မြင့် အဆောက်အဦ တစ်ခု ငလျင်ကြောင့် ပြိုကျမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံး တစ်ရုံးက လူ ၁၇ ဦးကို မေ ၁၅ ရက်မှာ ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။
အစိုးရ စာရင်းစစ်ရုံး ဖွင့်လှစ်ဖို့ ဆောက်လုပ်နေတဲ့ အထပ် ၃၀ မြင့် အဆောက်အဦဟာ မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် စက္ကန့်ပိုင်းအတွင်း အမှိုက်ပုံ ဖြစ်သွားခဲ့ပါတယ်။

ငလျင်ကြောင့် ဘန်ကောက်မှာ အဲဒီအဆောက်အဦ တစ်ခုတည်း ပြိုကျခဲ့တာ ဖြစ်ပြီး မြန်မြန်ဆန်ဆန် ပြိုကျသွားတာကြောင့် ဆောက်လုပ်မှု အရေအသွေးနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဆောက်အဦ ပြိုကျမှုနဲ့ ဆက်စပ်တဲ့ လူ၁၇ ဦး ပါဝင်တဲ့ အုပ်စု ၃ စု အတွက် ထိုင်းတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း လက်ထောက်ရဲမှူးချုပ် ဆီယမ် ဘွန်ဆွန်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
ဖမ်းဝရမ်း အထုတ်ခံရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို သူက မပြောပေမယ့် အဲဒီ အဆောက်အဦကို ဆောက်လုပ်နေတဲ့ Italian-Thai Development (ITD) ကုမ္ပဏီ ပါဝင်တယ်လို့ ထိုင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

အဲဒီ အဆောက်အဦ အပျက်အစီးတွေကြားက အလောင်း ၈၉ လောင်း ရှာတွေ့ခဲ့တယ်လို့ အရာရှိတွေက ပြောကြားပြီး လူ ၇ ဦးကို ရှာမတွေ့နိုင်ခဲ့ပါဘူး။
အဲဒီစီမံကိန်းကို အီတလီ-ထိုင်းကုမ္ပဏီ (ITD)၊ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုနဲ့ တရုတ်လုပ်ငန်းစု တစ်ခုက ပူးတွဲ တည်ဆောက်နေတာ ဖြစ်ပါတယ်။
သုံးထားတဲ့ သံချောင်းတွေကို ဘေးအန္တရာယ် ကင်းရှင်းရေး ထိုင်းအရာရှိတွေက ပြီးခဲ့လက စစ်ဆေးရာမှာ သံချောင်းတွေ စံချိန် မမီဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။
အဲဒီ အဆောက်အဦ ပြိုကျမှုနဲ့ ပတ်သက်လို့ ထိုင်းက တရုတ်လုပ်ငန်းရှင် တစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
Ref:AFP