ကျောက်တော်၊ မေ ၁၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

မနေ့ မေ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ကျောက်တော်မြို့ ရာမရပ်ကွက်ကို ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးနဲ့ သုံးကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာမရပ်ကွက်နေ အမျိုးသား ၃ ဦး၊ ကျင်းကြီးကျေးရွာက တစ်ဦး၊ ပိုက်သည်ရပ်ကွက်က တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

အလားတူ မေ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီက ကျောက်တော်မြို့ ရွာမရပ်ကွက်အား ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်တော်မြို့အား လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်တာ ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၈ ဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄ ဦးအထိရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားပြည်သူ ၇၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.