ကျိုက်ထို၊ မေ ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ နီးပါး ထပ်မံထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မေ ၁၁ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စုထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် မေ ၁၆ ရက်နေ့မှာလည်း ဝင်းကံကျေးရွာထဲကို အင်အားအလုံးအရင်းနဲ့ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲနဲ့အတူ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝင်းကံ၊ ဘောကထ၊ ကျောက်ရေ တွင်း၊ ကလောမြောင်၊ ရှမ်းစုနဲ့အညာစုကျေးရွာတို့က ဒေသခံပြည်သူ ၂၇၂၁ ဦး တိမ်းရှောင်နေရတာပါ။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တို့မှာ ဝင်းကံကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ် ကြောင်းထိုးဝင်ရောက်လာမှုကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
KNU သထုံခရိုင်ရဲ့အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်ကစလို့ ပြင်းထန်လာတဲ့ နှစ်ဖက်စစ်ရေးအခြေအနေကြောင့် စစ်ရှောင်ပြည်သူ တစ်သောင်းကျော်အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ