ဘန်ကောက်၊ မေ ၁၅

ထိုင်းက သူတို့ရဲ့ ပြည်ပပို့ကုန်တွေအပေါ် ကြီးလေးတဲ့ အခွန်တွေ မကောက်ခံစေရေး ရှောင်ရှားဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ရဲ့ ဆိပ်ကမ်းတွေမှာ ခရီးတစ်ထောက်နား ကုန်ပစ္စည်းတင်ပို့မှုတွေကို တားဆီးပြီး အမေရိကန်ကုန်စည်တွေကို ပိုမို ဝယ်ယူမှာ ဖြစ်သလို ပြည်တွင်းစျေးကွက် တိုးတက်အောင် လုပ်ဆောင်မယ်လို့ ဝါရှင်တန်ကို ပြောကြားခဲ့ကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီးက မေ ၁၄ ရက်မှာ ပြောကြား လိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ပြဌာန်းတဲ့ အခွန်တွေကြောင့် အရှေ့တောင်အာရှမှာ အထိခိုက်ဆုံးနိုင်ငံတွေထဲ ပါဝင်နေတဲ့ ထိုင်းဟာ ကမ္ဘာလုံးဆိုင်ရာ တရားဝင် ဆိုင်းငံ့မှု ဇူလိုင်လမှာ သက်တမ်းမကုန်ခင် အခွန် လျှော့ပေါ့ပေးဖို့ ညှိနှိုင်းလို့ မရဘူးဆိုရင် သူတို့ရဲ့ ပို့ကုန်တွေဟာ အခွန် ၃၆ ရာခိုင်နှုန်း ကောက်ခံ ခံရမှာ ဖြစ်ပါတယ်။

နှစ်ဖက်ကြား ကုန်သွယ်ရေး အဆိုပြုချက်က သူနိုင်၊ ကိုယ်နိုင်ဖြစ်ပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က မိမိတို့ အဆိုပြုချက်ကို အပြုသဘော တုံ့ပြန်ပြီး ညှိနှိုင်းဖို့ အသင့်ရှိကြောင်း ဖော်ပြခဲ့တယ်လို့ ဝန်ကြီး ပီချိုင်းက ဖြည့်စွက် ပြောပါတယ်။

ထိုင်းရဲ့ ကမ်းလှမ်းမှုကြောင့် အမေရိကန်ရဲ့ လိုငွေပြမှု လျော့ကျစေမှာ ဖြစ်သလို တခြား အကျိုးကျေးဇူးတွေလည်း ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီးပီချိုင်းက ဆိုတာပါ။

လက်ရှိ အခွန် ၃၆ ရာခိုင်နှုန်းကို တခြားနိုင်ငံတွေနဲ့ တူညီတဲ့ အခွန် နှုန်းထားအထိ လျှော့ချလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းရဲ့ အကြီးမားဆုံး ပြည်ပပို့ကုန် စျေးကွက် ဖြစ်ခဲ့ပြီး စုစုပေါင်း ကုန်တင်ပို့မှုရဲ့ ၁၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၅ ဘီလီယံ ရှိခဲ့ပါတယ်။

ထိုင်းနဲ့ မိမိတို့ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ ၄၅ ဒသမ ၆ ဘီလီယံ ဒေါ်လာ ရှိတယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.