မော်လမြိုင် ၊ မေ ၁၆
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး လူဖမ်းပွဲပုံစံ ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ မေလဆန်းပိုင်းကစလို့ ဒေသတွင်းမှာ ညပိုင်းအပြင်ထွက် သွားလာသူတွေကို ဖမ်း ဆီးတာ၊ ဧည့်စာရင်း အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းမှုကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အဲဒီထဲမှာ အဆိုးဝါးဆုံးအနေနဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့လူငယ်တွေကို အကြောင်း ပြချက်မရှိ ဝင်ရောက်ဖမ်းဆီးတာ၊ ရပ်ကွက်ကျေးရွာအတွင်းမှာ သွားလာနေတဲ့လူငယ်တွေကိုလည်း မထင်ရင်မထင်သလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက ငွေကြေးအဆမတန် တောင်းခံပြီး ပြန်လည်ရွေးခိုင်းတာတွေရှိသလို ငွေကြေးမပေးနိုင်တဲ့ စစ်မှုထမ်းအကြုံးဝင်သူတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အမည်မဖော်လိုတဲ့ ဘီးလင်းဒေသခံတစ်ဦးကတော့ စစ်ကောင်စီဟာ ဒေသတွင်းက လူငယ်တွေကို လုပ်ငန်းခွင်အထိ ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်လာပြီး ပေါ်တာဆွဲတဲ့ပုံစံမျိုး ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တောင်စွန်းအုပ်စုပေါ့။ ရေတွင်းကုန်းကျေးရွာပေါ့။ အဲဒီမှာ လက်သမားလုပ် ပန်းရံလုပ်နေကြတဲ့ ကလေး လေးယောက်ကို မေ ၁၄ ရက်နေ့ ညနေ သုံးနာရီခွဲ လေးနာရီလောက်က လာဝင်ဖမ်းသွားတယ်။ စစ်ကောင်စီက ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိသေးဘူး။ ပေါ်တာဆွဲတဲ့ သဘောမျိုးပဲ” လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အခုမေလ နှစ်ပတ်အတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လူပေါင်း ၁၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများဆုံးဟာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
အမည်မဖော်လိုတဲ့ ရေးဒေသခံ တစ်ဦးကလည်း စစ်ကောင်စီဘက်က အကြောင်းပြချက်မရှိ ဖမ်း ဆီးပြီး ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းမှုတွေရှိတာကြောင့် ဆင်းရဲနွမ်းပါးသူတွေ အခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။
“ဒီမှာကတော့ သူတို့ ဘတ်ဂျက်လိုလို့ရှိရင် ဖမ်းတာ။ သတ်မှတ်ချိန် လွန်တဲ့အခါကျတော့ တစ်ခါ တည်း ဘာအကြောင်းပြချက်မှမရှိဘူး။ နောက်မှပဲ အုပ်ချုပ်ရေးမှူးတို့ သူတို့နဲ့ ပတ်သက်ရာ ပတ် သက်ကြောင်းနဲ့ သွားရွေးရတယ်။ အနည်းဆုံးတစ်ယောက်ကို ခြောက်သိန်းလောက် ပေးရတယ်။ တချို့ အဆင်မပြေတဲ့ လူတွေကျတော့လည်း လောလောဆယ် ရှိတဲ့ဟာလေ ရောင်းပေါင် ချေးငှားပြီး ပေးရတာပေါ့” လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေသခံတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး ငွေညှစ်တာတွေ ပြုလုပ်နေတဲ့အတွက် လမ်းသွားဖို့တောင် လုံခြုံမှုမရှိတော့သလို အလုပ်အကိုင်အခက်အခဲတွေကြား စားသောက်ဖို့ထက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပါက ငွေပေးနိုင်ဖို့ကိုသာ စုဆောင်းနေရတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ ဖမ်းဆီးခံရတဲ့သူတွှေကို ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီး အကျပ် ကိုင်တာတွေရှိနေပြီး အများစုကိုတော့ စစ်မှုထမ်း စစ်သားစုဆောင်းမှုတွေမှာ အသုံးပြုလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် လူငယ်လူရွယ်အများစု နေရပ်စွန့်ခွာမှု များလာတဲ့အတွက် ဒေ သတွင်းရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အကြီးအကျယ် ရင်ဆိုင်နေရပြီး လုပ်ငန်းအပြည့်အဝ လည်ပတ်ဖို့ အတွက်တောင် အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီက ဒေသခံတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ငွေညှစ်တာအပြင် တပ် သားသစ် စုဆောင်းတာတွေကို လုပ်ဆောင်နေပေမယ့် ခိုးဆိုးလုနှိုက်တွေကိုတော့ ဖမ်းဆီးရမိတာ မရှိတဲ့အတွက် နေ့စဉ်နီးပါး ခိုးဆိုးလုယက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေ ၁၅ ရက်နေ့ထုတ် အစီရင် ခံစာအရ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လူပေါင်း ၃၀,၀၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ၂၂,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ