နောင်ချို ၊ မေ ၁၆
နယ်စပ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရက နီးစပ်ရာ လက် နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနေသလို စစ်ကောင်စီကလည်း စွန့်လွှတ်နယ်မြေတွေ ထိန်းချုပ်နိုင်ရေး တိုက်ခိုက်မှုတွေ လုပ်လာနေပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရပြီးနောက် တအာင်းတပ် TNLA ကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှု သဘောတူညီချက် မရရှိသေးတဲ့အတွက် စစ်ရေးအရ ဖိအားပေးမှုတွေကို ဆက်လက် ရင်ဆိုင်နေရပါတယ်။
လေ့လာသူတွေကတော့ တရုတ်ရဲ့ ဖိအားပေးမှုနဲ့အတူ စစ်ကောင်စီကလည်း အရပ်သားတွေအပေါ် တိုက်ခိုက်နေမှုဟာ တော်လှန်ရေးအဖွဲ့တွေကို အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပြီး ရွေး ကောက်ပွဲဖြစ်မြောက်ရေးအတွက် ဦးတည်တာလို့ သုံးသပ်ကြပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက ဖိအားပေး အပစ်ခတ်ရပ်စဲရေးဟာ လူထုအတွက် အကျိုးမဖြစ်ရင် တော်လှန်ရေးအင်အားစုတွေအားလုံး စည်းလုံးပြတ်သားဖို့ လိုမယ်လို့ ပြောပါတယ်။
“တရုတ်နဲ့ စကစရဲ့ ဖိအားပေးအပစ်ခတ်ရပ်စဲရေးက စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေး၊ တိုင်းရင်းသားတွေအပါအဝင် တစ်တိုင်းပြည်လုံးရှိ မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို အမှန်တကယ် အကျိုးဖြစ်စေမှာ မဟုတ်ဘူးဆိုရင် EAO တွေ အပါ အဝင် တော်လှန်ရေးအင်အားစုတွေအားလုံး ကျစ်လစ်ခိုင်မာတဲ့ မဟာမိတ်အဖြစ် ဖွဲ့စည်းပြီး တရုတ်ရဲ့ ဖိအားကို စည်းစည်းလုံးလုံး ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ဖို့လိုမယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ရှိ နောင်ချို၊ မိုင်းငေါ့နဲ့ မန်တုံမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာပါ။
အာရက္ခတပ်တော် AA ကတော့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကို မခံရပေမယ့် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ စစ်ရေးအရ ဖိအားပေးမှုတွေကို ကြုံတွေ့နေရပါတယ်။
မေ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နဲ့ AA ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ်အလုံး ၇၀ ကျော် ပျက်စီးခဲ့ရတယ်လို့ နှစ်ဘက်အဖွဲ့က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ဧပြီနှောင်းပိုင်းမှာ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဘက်တောင်းဆိုချက်တွေအပေါ် အပြန်အလှန်လိုက်လျောတာ မရရှိခဲ့တဲ့အတွက် လာမယ့်ဩဂုတ်မှာ ထပ်မံဆွေးနွေးဖို့ ရှိနေတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က TNLA ရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က လိုက်လျောလာရင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေပြန်ပေးဖို့ စဉ်းစားရမယ့် အနေအထားလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီဘက်ကတော့ TNLA တောင်းဆိုချက်တွေကို တစ်ခုမှလိုက်လျောတာ မတွေ့ရသေးဘူး။ စစ်ကောင်စီဘက်က လိုက်လျောဖြေလျှော့လိုက်မယ်ဆိုရင်လည်း အခုနက ကျွန်တော်ပြောခဲ့သလိုပဲ TNLA ဘက်က ပြန်ပြီးတော့ စစ်ကောင်စီ တောင်းဆိုမှုတွေကို တမျိုးတဖုံစဉ်းစားရမယ့် အ နေအထားမျိုးလို့ပဲ မြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
TNLA ရဲ့ ဖိအားတွေကို မဟာမိတ်တွေအနေနဲ့ ဘယ်လိုမျိုး ကူညီဖြေရှင်းပေးလို့ရနိုင်မယ်ဆိုတာ အချင်းချင်း ပွင့်လင်းနွေးထွေးစွာ ညှိနှိုင်းဆွေးနွေးရမယ့်အနေအထားမျိုးလို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီဘက်က TNLA ရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့မြို့တွေကနေ တပ်ဖွဲ့အားလုံး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြန်လည်ဆုတ် ခွာဖို့ တောင်းဆိုခဲ့တာပါ။
TNLA ကတော့ နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး အပစ်ခတ်ရပ်စဲဖို့၊ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်တန့်ဖို့နဲ့ နှစ်ဘက်ထိန်းချုပ်နယ်မြေမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေ သယ်ယူပို့ဆောင်ရေးအတွက် ဖြတ် သန်းသွားလာခွင့်ပြုဖို့ ဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ကူမင်းဆွေးနွေးပွဲလုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားမယ်လို့ အသိပေးထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နိုင်ငံတစ်နိုင်ငံက နီးစပ်ရာညှိနှိုင်းမှုတွေနဲ့ အကျပ်ကိုင် လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု နည်းလမ်းကို အသုံးပြုတာဟာ ရေရှည်အတွက် အကျိုးမရှိဘူးလို့ ဆိုပါတယ်။
NUG အနေနဲ့ ဖိအားပေးအပစ်ခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က မေ ၁၃ ရက်က ထုတ်လွှင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သ တင်းစကားပြောကြားခြင်းအစီအစဉ်မှာ ပြောသွားခဲ့တာပါ။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက တရုတ်ရဲ့ မဟာဗျူဟာအရ ပြဿနာတွေကို အေးဆေးစွာ ဖြေရှင်းဖို့ နှစ်ဘက်စလုံးကို ဖိအားပေးနေတာဖြစ်တဲ့အတွက် ကိုယ့်ဘက်က လုပ်စရာရှိတာ ဆက်လုပ်ရုံပဲလို့ သုံးသပ်ပါတယ်။
“NUG အနေနဲ့ကလည်း ဒီစစ်ကောင်စီကိုတိုက်ဖို့ လုပ်နေတဲ့ဟာတွေကို နည်းလမ်းပေါင်းစုံနဲ့ လုပ်တာကို ဆက်ကြိုးစားဖို့ပဲ ရှိတယ်လေ။ ကျွန်မတို့ တော်လှန်ရေးသမားတွေဘက်ကလည်း တော်လှန်နေကြတဲ့ PDF တို့ ဘာတို့ အဲဒီအုပ်စုတွေအားလုံးကို ကိုယ်တတ်နိုင်တဲ့ အကူအညီပေးရုံပဲ ရှိတယ်။သူ (တရုတ်) က ဖိအားတော့ ပေးမှာပဲလေ။ ဖိအားပေးတယ်ဆိုတာ ဒီလိုဗျ။တရုတ်က သူ့ရဲ့ မဟာ ဗျူဟာကိုက တတ်နိုင်သမျှ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးဖြေရှင်းဖို့ သူ က ဖိအားပေးနေတာပဲလေ။ စစ်ကောင်စီကိုလည်း သူဖိအားပေးတာပဲ၊ ကျန်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ဖိအားပေးနေတာပဲ။ အဲဒီတော့ ဘယ်တော့စားပွဲပေါ်မှာ (တွေ့ဆုံဆွေးနွေးရေးအတွက် ) ရောက်မယ်တော့ မသိဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရုရှားခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မော်စကိုမြို့မှာ လက် ခံတွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက်ကူညီပေးသွားမယ်လို့ ပြောကြားထားတာပါ။
လေ့လာသူတွေကတော့ ၁၀၂၇ စစ်ဆင်ရေးအလွန် တရုတ်အစိုးရဟာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အပစ်ရပ်ဖို့ ကိုးကန့်နဲ့ တအာင်းအဖွဲ့ကို ဖိအားပေးခဲ့ပြီး ကြားဝင်ညှိနှိုင်းမှုတွေ လုပ်လာတာဟာ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေကြောင့်လို့ ဆိုပါတယ်။
ISP Myanmar ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအ လယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ၁၉ ခုရှိတဲ့ထဲက ၁၀ ခုကို တော်လှန်ရေး EAO တွေနဲ့ PDF တွေက အပြည့်အဝထိန်းချုပ်ထားတာပါ။
ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ် တော်လှန်ရေးလားရာဟာ EAO တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေးအရ အကောင်အထည်ဖော်မှုအပေါ် မူတည်တယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ