လှိုင်းဘွဲ၊ မေ ၁၆
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မယ်လကျေးရွာအနီးက မော်ကွီးလူစစ်တပ်စခန်းကို မေ ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်နေပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဟာ မေ ၉ ရက်နေ့မှာ လှိုင်းဘွဲမြို့နယ်ထဲက တခေါဘီခွီးစစ်တပ်စခန်း၊ မေ ၁၃ ရက်နေ့က တာလယ်ဗျူဟာစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါမှာတော့ မယ်လစခန်း( မော်ကွီးလူစခန်း)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
မယ်လရွာအနီးက မော်ကွီးလူစခန်းတိုက်ပွဲကြောင့် မယ်လရွာအပါအဝင် အနီးအနားတဝိုက်ကျေး ရွာတွေက အရပ်သား ၄၀၀ ကျော်ဟာ နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကူးလာပြီး ထိုင်းနိုင်ငံထဲ စစ်ဘေးရှောင် ရောက်ရှိလာခဲ့တဲ့အတွက် ထိုင်းနယ်စပ်အာဏာပိုင်တွေက ကူညီနေရာချထားပေးတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
တာလယ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတုန်းက စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ နေ့စဉ်ရက် ဆက် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် တာလယ်ရွာအတွင်း ဒေသခံတွေရဲ့ နေအိမ်တွေအများအပြား ပျက်စီးဆုံးရှုံးခဲ့ရသလို ဒေသခံပြည်သူအများအပြားလည်း ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ရတာပါ။
နယ်စပ်ဒေသတိုက်ပွဲကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက်ကို လုံခြုံရေးတိုးမြှင့်ချထားနေပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ KNU တပ်မဟာ ၇ နယ်မြေထဲ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာစခန်းတွေကို KNLA KNDO ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media