ထားဝယ်၊ မေ ၁၅
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီရဲ့ ပေါက်တိုင်းစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ထားဝယ်မြို့ဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က တစ်စုံတစ်ရာ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး သုံးရက်အကြာ မေလ ၁၀ ရက်နေ့မှာ ကျောက်ရပ်ကျေးရွာ တံ တားအနီးရှိ သစ်အရောင်းဆိုင်က ဦးသန်းအောင်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိ သေးဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဟားလီးကွေ့စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့သလို ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF