လှိုင်းဘွဲ၊ မေ ၁၅

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ နှစ်ပေါင်း ၄၀ နီးပါးအကြာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

တာလယ်ဗျူဟာစခန်းကို မေ ၁၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ကိုးဦးသေဆုံးပြီး ဒုတပ် ရင်းမှူးနဲ့ တပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တာလယ်ဗျူဟာစခန်းကို မြန်မာစစ်တပ်က ၁၉၈၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စခန်းတည်ဆောက်ပြီးချိန်ကစလို့ ဒေသပြည်သူတွေဟာ လွတ်လပ်စွာ သွားလာလုပ်ကိုင် စားသောက်ခွင့်ကအစ ဆုံးရှုံးခဲ့တယ်လို့ KNU က ဆိုပါတယ်။

တာလယ်ဗျူဟာစခန်းဟာ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် ၂၄ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၁၁ အမြောက်တပ်တို့ အထိုင်ချတပ်စွဲခဲ့တာ ဖြစ်ပါတယ်။

တာလယ်ဗျူဟာစခန်း သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.