နောင်ချို၊ မေ ၁၄

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲမှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ မေ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ နောင်ချိုမြို့နယ် နယ်မြေ ၁၀ ဈေးရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချသွားတဲ့အတွက် နေအိမ် ခုနှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ မေ ၁၃ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာလည်း မိုးကုတ်မြို့နယ် ရွှေလိပ်ပြာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း မန်တုံမြို့နဲ့ မိုင်းငေါ့မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရိခဲ့သလို နေအိမ် ၂၇ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း ထပ်တိုးထားပေမယ့် တအာင်းပြည်မှာ နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှုတွေ လာရောက်လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.