မော်လမြိုင် ၊ မေ ၁၅

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် ပြစ်ဒဏ် ကင်းလွတ် ခွင့်မရှိစေဘဲ အလုံးစုံတာဝန်ခံရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က မေ ၁၄ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

မေ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမတွေအပါအဝင် ကလေးငယ်တွေ ထိခိုက်သေဆုံးရမှုနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အိုးတိန်းတွင်းရွာ စာသင်ကျောင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမ နှစ်ဦး၊ ကလေးသူငယ် ၂၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆၀ ကျော် ရှိတာဟာ နိုင်ငံအတွက် နောက်ထပ် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်တယ်လို့ NRFF က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုတွေကို တရားလက်လွတ် ကျူးလွန်နေပြီး အခုလို စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျောင်းသားကျောင်းသူ အပါအဝင် ဆရာဆရာမတွေကို သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေဘဲ တာဝန်ခံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ ငလျင်ဒဏ်ကြောင့် အတိဒုက္ခရောက်နေချိန် စစ်ကောင်စီဟာ နိုင်ငံတကာကို မျက်နှာချိုသွေးပြီး အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့် သူတို့ကိုယ်တိုင် အကြိမ်ကြိမ် စ တင်ချိုးဖောက်ကာ အရပ်သားပစ်မှတ်ကို တိုက်ခိုက်တာဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

အခုလို အရပ်သားပြည်သူတွေနဲ့ ကလေးသူငယ်တွေ သေကြေပျက်စီးစေခဲ့တဲ့ စစ်အုပ်စုရဲ့ အကြမ်း ဖက်လုပ်ရပ်တွေ ဆက်လက်မဖြစ်ပွားစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်း တင်ပို့ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ပြီး လက်တွေ့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ NRFF က တောင်းဆို ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF အနေနဲ့ မြန်မာပြည်သူတွေ အတိဒုက္ခ ချုပ်ငြိမ်းစေရေးအတွက် အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးတွေမှာ လူထုနဲ့ လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.