လှိုင်းဘွဲ၊ မေ ၁၄

ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီးကို K ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်အနီး တာလယ်ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကို လေကြောင်းပစ်ခတ်မှုတွေ ကြားထဲကနေ KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းတပ်က မေ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

တာလယ်ဗျူဟာစခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပစ္စည်းအများအပြားကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ တာလယ်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်က လာရောက်ပျံဝဲပြီး လေယာဉ်ပေါ်ကနေ ဗုံးအလုံးပေါင်း ၂၀ နီးပါး ကြဲချသွားခဲ့တယ်လို့ နယ်မြေခံတစ်ဦးက အသိပေးထားပါတယ်။

တာလယ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တာလယ်ကျေးရွာထဲက နေအိမ်တွေအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း အလုံးအရင်းနဲ့ ထိုင်းနိုင်ဘက်ခြမ်းကို ထွက်ပြေးနေခဲ့ရတာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်နား ဖြစ်ပွားနေတဲ့ တာလယ်ဗျူဟာစခန်း တိုက်ပွဲကြောင့် နယ်စပ်လုံခြုံရေးကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ထားပြီး နယ်စပ်တလျှောက်မှာလည်း ထိုင်းစစ်တပ်ကို ချထားကာ လုံခြုံရေးတင်းကြပ်နေတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်က အသိပေးထားပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာထဲမှာရှိတဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကို KNLA KNDO ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ရက်အကြာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မေ ၉ ရက်နေ့က KNU တပ်မဟာ ၇ နယ်မြေ ပိုင်ကျုံမြို့နယ်ထဲက တခေါဘီခီးစခန်းကုန်းကို KNLA KNDO ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့လတွေတုန်းကလည်း ထိုင်းနယ်စပ်နားက မော်ဖားသူး၊ ပူးလူးတူ၊ ခလယ့်ဒေးစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.