ဒမတ်စကတ် မေ ၁၄
ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ်ရှာရာအာနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးတော့မယ်လို့ ပြောလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆော်ဒီအာရေးဗီးယားသို့ ရောက်ရှိချိန် သမ္မတ ထရန့်က ဆီးရီးယား ယာယီသမ္မတနဲ့ တွေ့ဆုံဖို့ သဘောတူထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းတော့မယ်လို့ အမေရိကန်က ကြေညာလိုက်ပြီးနောက် ဆီးရီးယားမြို့တော် ဒမတ်စကတ်မှာ လူအများ သီချင်းဆို ကခုန်ပြီး သေနတ်တွေ ပစ်ဖောက်ခဲ့ကြပါတယ်။
နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရတဲ့ သမ္မတ အာဆတ်အစိုးရကို အရေးယူတဲ့အနေနဲ့ အရင်က ဆီးရီးယားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲမှုကြောင့် ဆီးရီးယားအနေနဲ့ အကောင်းဆုံး ဖြစ်လာအောင် တည်ဆောက်ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ ထရန့်က ပြောဆိုလာတာပါ။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က မိမိတို့နိုင်ငံအတွက် အလှည့်အပြောင်း ဖြစ်သွားစေနိုင်တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျသွားချိန်မှာ ဆီးရီးယား ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေနေခဲ့ပါတယ်။
အစိုးရအသစ် တက်လာပြီးကတည်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး ဆီးရီးယားက ကြိုးပမ်းနေတာ ကြာပြီ ဖြစ်ပါတယ်။
ဆီးရီးယားဟာ ကမ္ဘာကြီးအတွက် အန္တရာယ် မဟုတ်တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးဖို့ ခေါင်းဆောင် အယ်လ် ရှာရာအာက ပြီးခဲ့တဲ့ နှစ်ကတည်းက တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဆွန်နီ အစ္စလာမ်မစ်အုပ်စုက သမ္မတ အာဆတ်ကို ဖြုတ်ချခဲ့ပြီးနောက် တက်လာတဲ့ အစိုးရက ဆီးရီးယားမှာရှိတဲ့ လူနည်းစုတွေကို ကာကွယ်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
Ref:BBC