ဂျေရုစလင်၊ မေ ၁၄

လာမယ့် ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ မိမိတို့ စစ်တပ် အင်အားအပြည့်နဲ့ ဝင်ရောက်မှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ မေ ၁၃ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာမြောက်ပိုင်းဒေသတွေမှာရှိတဲ့ လူအများ ဘေးကင်းရာသို့ ပြောင်းရွှေ့ရေး အစ္စရေးစစ်တပ်က မေ ၁၄ ရက် မနက်မှာ ကြေညာထားပါတယ်။

စစ်ဆင်ရေး ပြီးစီးစေဖို့ လာမယ့် ရက်ပိုင်းအတွင်း မိမိတို့ စစ်တပ် အင်အားအပြည့်နဲ့ ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောဆိုလာတာပါ။

စစ်ဆင်ရေး ပြီးစီးအောင်လုပ်ဖို့ဆိုတာက ဟားမာ့စ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းရေး ဖြစ်တယ်လို့ ဒဏ်ရာရ စစ်သားတွေနဲ့ မေ ၁၂ ရက် တွေ့ဆုံမှု အတွင်း ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

စစ်ပွဲကို မိမိတို့ ရပ်တန့်နိုင်မယ့် အခြေအနေ မရှိဘဲ ယာယီ အပစ်ရပ်စဲမှု ရှိလာနိုင်ပေမယ့် မိမိတို့အနေနဲ့ အဆုံးထိ တလျှောက်လုံး သွားမှာ ဖြစ်တယ်လို့ ဖြည့်စွက် ပြောကြားထားပါတယ်။

ဂါဇာသို့ ထိုးစစ်ဆင်နွှဲမှု တိုးချဲ့ရေး အစ္စရေးအစိုးရက အခုလ စောစောပိုင်းက သဘောတူ ခွင့်ပြုခဲ့ပြီး အစ္စရေးအရာရှိတွေက ဂါဇာမှာ ရေရှည်တည်ရှိရေး ပြောဆိုနေကြပါတယ်။

အစ္စရေးက ပိုမို ကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်မယ့် အစီအစဉ်တွေကို ကြေညာထားပြီး နိုင်ငံတကာက ပြစ်တင် ရှုတ်ချထားပါတယ်။

အစ္စရေးက အဲဒီလို အင်အားမျိုးနဲ့ ထိုးစစ်ဆင်မယ်ဆိုရင် အဲဒီက ပါလက်စတိုင်းဒေသနေသူ အများစု ထွက်ပြေးကြရမှာ ဖြစ်ပါတယ်။

ပါလက်စတိုင်းသားတွေ ဂါဇာကနေ ထွက်သွားကြဖို့ အစ္စရေးက တွန်းအားပေးနေတယ်လို့ အကြီးတန်း လုံခြုံရေးအရာရှိ တစ်ဦးက ပြောပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းသားတွေအနေနဲ့ ဂျော်ဒန်နဲ့ အီဂျစ်တို့လို အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်သွားကြဖို့ အစ္စရေးက အဆိုပြုထားပေမယ့် အီဂျစ်နဲ့ ဂျော်ဒန်၊ အာရပ်မဟာမိတ်တွေနဲ့ ကမ္ဘာတဝန်းက တခြား နိုင်ငံတွေက ပယ်ချထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.