ဒါဗောင်၊ မေ ၁၃
လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သူ့မိသားစုရဲ့ အမာခံ နယ်မြေ ဒါဗောင်မြို့ရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း စောစောထွက်ပေါ်လာတဲ့ တစ်စိတ်တစ်ပိုင်း ရလဒ်တွေက ဖော်ပြနေပါတယ်။
သူ့ရဲ့ သစ္စာ အရှိဆုံး လက်ထောက်နှစ်ယောက် ဖြစ်တဲ့ သူ့လက်အောက်မှာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သူ ခရစ္စတိုဖာ ဘွန်ဂိုးနဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုကို ဦးဆောင်ခဲ့သူ ရဲချုပ်ဟောင်း ရော်နယ် ဘာတို ဒယ်လာ ရိုဆာတို့ လွှတ်တော်မှာ ပြန်ပြီး ရွေးကောက်ခံခဲ့ရပါတယ်။

သမ္မတဟောင်း ဒူတာတေးနဲ့ လက်ရှိ သမ္မတ မားကို့စ် မိသားစုကြား တင်းမာမှုတွေ ကြီးစိုးထားခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မျှော်လင့်မထားတဲ့ ရလဒ် တချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။
မဲ ဆက်လက် ရေတွက်နေချိန်မှာ ဒူတာတေးရဲ့ သမီး ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ ကံကြမ္မာက မရေမရာ ဖြစ်နေပါတယ်။
၂၀၂၈ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ အများမျှော်လင့်ထားတဲ့ ဆာရာ ဒူတာတေးဟာ အထက်လွှတ်တော် ဂျူရီအဖွဲ့က သူ့ကို စွပ်စွဲ ပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် နိုင်ငံရေးလောကကနေ တားမြစ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ဒေသဆိုင်ရာ အရာရှိတွေကနေ အုပ်ချုပ်ရေးမှူးတွေ လွှတ်တော် အမတ်နေရာတွေအထိ နေရာပေါင်း ၁၈၀၀၀ အတွက် ယှဉ်ပြိုင်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ သူ့ရဲ့ ထောက်ခံသူတွေနဲ့ သူ့ရဲ့ တစ်ခါက မဟာမိတ် ဖြစ်ဖူးတဲ့ သမ္မတ မားကို့စ်ရဲ့ ထောက်ခံသူတွေကြား ကြားခံစစ်ပွဲ တစ်ခု ဖြစ်လာခဲ့ပါတယ်။

သူတို့ မိသားစုတွေကို ထောက်ခံကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ထိပ်တိုက်တွေ့နေကြပြီး ဆာရာ ဒူတာတေး စွပ်စွဲ ပြစ်တင်မခံရရေး ဒူတာတေး မိသားစုက အမတ်နေရာ ၉ နေရာရဖို့ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ မဲ ၆၈ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာ တရားဝင် မဟုတ်တဲ့ ရလဒ်တွေအရ အခြေအနေက ရှင်းရှင်းလင်းလင်း ဖြစ်မလာသေးပါဘူး။
မားကို့စ်ကို ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း အခြေအနေ ကောင်းပုံ မပေါ်ဘဲ တစ်ယောက်တည်းကပဲ ထိပ်တန်း ၅ ဦး စာရင်းမှာ ပါဝင်နေပါတယ်။
ထိပ်တန်း ၅ နေရာမှာ ဒူတာတေးကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်နေပါတယ်။
ဒီအချိန်မှာ နိုင်ငံရေး ပြဿနာတွေ ကြုံနေတဲ့ ဒုသမ္မတဟာ လူကြိုက်များနေဆဲ ဖြစ်ပြီး လက်ရှိ သမ္မတ သက်တမ်းဟာ ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ဖမ်းဆီးထားပေမယ့် သူဟာ သူ့ရဲ့ မွေးရပ်မြို့မှာ ထောက်ခံမှု အခိုင်အမာ ရရှိထားဆဲ ဖြစ်ပါတယ်။
Ref:BBC