သထုံ၊ မေ ၁၄

မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်မှုထမ်းအတွက် လူငယ်တွေကို ညပိုင်းပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် တပ်သားလိုအပ်ချက် ရှိနေတဲ့ စစ်ကောင်စီဟာ မေလပထမအပတ်ကစလို့ သထုံမြို့ပေါ်မှာ လူငယ်တွေကို ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတာပါ။

သထုံမြို့ခံတွေရဲ့ ပြောပြချက်အရ အခုလအတွင်း လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အ များစုဟာ မိသားစုနဲ့ အဆက်အသွယ်မရဘဲ စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်ခံနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ညပိုင်းအပြင်ထွက် သွားလာတဲ့ လူငယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ အရက်ဘီယာဆိုင်တွေမှာရှိနေတဲ့ လူငယ်တွေကို မထင်ရင်မထင်သလို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် သထုံမြို့ပေါ်မှာ ည ၇ နာရီနောက်ပိုင်း အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးလာပြီး ဒေသတွင်းက မိဘတွေမှာလည်း စိုးရိမ်ပူပန်မှု မြင့်တက် နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သထုံမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နယ်ထိန်းရဲတွေကို တစ်လလျှင် စစ်မှုထမ်းတစ်ဦးနှုန်းပေးဖို့ ညွှန်ကြားခံထားရပြီး မပေးနိုင်တဲ့ နယ်ထိန်းရဲတွေကို ရှေ့တန်းပို့မယ်လို့ ခြိမ်းခြောက်ခံထားရတာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၂ အထိ လူငယ် ၂၁၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.