ရွှေကျင်၊ မေ ၁၂
ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ မေ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို စစ်ကောင်စီက မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ရွှေကျင်မြို့နယ် ဇလုံကြီးကျေးရွာအခြေစိုက် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မေ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို စစ်ကောင်စီဘက်က အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးပြီးနောက် စခန်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၃၀ ဦး တွေ့ရှိခဲ့ပြီး စစ်သုံ့ပန်း ၆ ဦးနဲ့ မိသားစုဝင် ၇ ဦး ဖမ်းဆီးထိန်းသိမ်းရမိခဲ့သလို တပ်ရင်းမှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား ၅၀ ဦးနီးပါး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံကနေ ပွိုင့်ဖိုက် စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်ပါစက် ၃ လုံးနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI/NUG