ဒူဘိုင်း၊ မေ ၁၂
အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ အီရန်ရဲ့ နျူကလီးယား အခွင့်အရေးတွေ ပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲဆိုရင် တီဟီရန်အနေနဲ့ အဲဒီ အခွင့်အရေးတွေကနေ လုံးဝ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ပြောလိုက်ပါတယ်။
အိုမန်မှာ အီရန်နဲ့အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲ နောက်တစ်ကျော့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင် တစ်ရက်အလို ဒိုဟာမြို့မှာ ဝန်ကြီး အာရက်ချီက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိုမန်မှာ တီဟီရန်နဲ့ ဝါရှင်တန်ကြား မေ ၁၁ ရက်က နောက်ထပ် တစ်ကျော့ ဆွေးနွေးခဲ့ကြပါတယ်။
ညှိနှိုင်းမှုတွေရဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ နျူကလီးယား အခွင့်အရေးတွေ ကင်းစင်သွားအောင် လုပ်ဖို့အတွက်ဆိုရင် မိမိတို့အနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေကနေ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားလိုကြောင်း ဝန်ကြီး အာရက်ချီက ပြောတာပါ။
ယူရေနီယံ သန့်စင်မှုဟာ အီရန်ရဲ့ အခွင့်အရေးဖြစ်တဲ့အပြင် ညှိနှိုင်းလို့ မရတဲ့ အခွင့်အရေး ဖြစ်တယ်လို့ အီရန်က အကြိမ်ကြိမ် ပြောဆိုထားကာ အမေရိကန်အရာရှိ တချို့က သန့်စင်မှု လုံးဝ ရပ်ဆိုင်းရေး တောင်းဆိုမှုကို ပယ်ချထားပါတယ်။
အမေရိကန်နဲ့ သဘောတူညီမှု တစ်စုံတစ်ရာ ရယူခဲ့ရင် အီရန်ရဲ့ ယူရေနီယံ သန့်စင်ရေး စက်ရုံတွေကို ဖျက်စီးပစ်ရမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က မေ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို တားဆီးဖို့ တီဟီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့တဲ့ ထရန့်က ရှည်ကြာနေပြီ ဖြစ်တဲ့ အငြင်းပွားမှုကို ဖြေရှင်းရေး သဘောတူညီမှု အသစ် မရယူရင် အီရန်ကို ဗုံးကြဲပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
၂၀၁၅ သဘောတူညီမှုက အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း အီရန်က အရှိန်မြှင့်တင်ထားတဲ့ နျူကလီးယားစီမံကိန်းဟာ လက်နက် ထုတ်လုပ်ရေးအတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ပြောပေမယ့် တီဟီရန်က အရပ်ဖက် သီးသန့်အတွက် ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
မိမိတို့အနေနဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရှိပြီး လက်နက် ထုတ်လုပ်ဖို့ မဟုတ်ကြောင်းကို အမေရိကန်နဲ့ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေအတွင်း ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်တယ်လို့ ဝန်ကြီး အာရက်ချီက ပြောတာပါ။
အီရန်က ယုံကြည်မှု ကောင်းကောင်းနဲ့ ဆက်လက် ဆွေးနွေးပြီး အဲဒီ ဆွေးနွေးမှုတွေရဲ့ ရည်ရွယ်ချက်ဟာ နျူကလီးယား လက်နက် မရရှိစေရေး ဖြစ်တယ်ဆိုရင် သဘောတူညီမှု ရနိုင်တယ်လို့ အာရက်ချီက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters