ဒီပဲယင်း၊ မေ ၁၂

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ တိုးလာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနဲ့ ကျောင်းဆရာ နှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် အရေးပေါ်ကုသမှုခံယူနေရသူ ၄၀ နီးပါး ရှိပါတယ်။

ဒီတိုက်ခိုက်မှုဟာ စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အပြစ်မဲ့ ကျောင်းသူကျောင်းသားတွေ အစုံလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အပြစ်မဲ့ကလေးသူငယ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံအသိုက်အဝန်းအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရNUG ပညာရေးဝန်ကြီးဌာန လက်အောက်ခံ ကြားကာလပညာရေးကျောင်း တစ်ကျောင်း ဖြစ်ပြီး အညာဒေသမှာတော့ စစ်ရေးအခြေအနေတွေကြောင့် စာသင်ကျောင်း ဖွင့်လှစ်မှု အချိန်မတူကြဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.