မကွေး မေ ၁၂
မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်က စစ်ရှောင်တွေအတွက် ခြင်ထောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
လူဦးရေ ၉၀၀ ရှိတဲ့ စစ်ရှောင်တွေဟာ ခြင်ကိုက်ခံရလို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး ခြင်ထောင်တွေ လိုအပ်နေတာပါ။
“အဓိက ခြင်ထောင်လေးတွေ အရေးပေါ် လိုအပ်နေလို့ အစ်ကိုရေ။ စစ်ရှောင်ရင်း ခြင်တွေ ကိုက်ပြီး ကျန်းမာရေး ထိခိုက်နေလို့ဗျ။ သောက်ရေလည်း အခက်အခဲဖြစ်ကြတယ်” လို့ ပကဖ စလင်းမှ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စလင်းမြို့နယ်က နေပူကန်ရွာနဲ့ကုက္ကိုလ်တန်းရွာက မီးဘေးသင့် စစ်ရှောင် အိမ်ထောင် ၁၅၇ စု လူဦးရေ ၉၀၀ ကျော်ဟာ မေလအတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် နီးစပ်ရာ ယာပြင်တွေမှာ ရှောင်တိမ်းနေရတာပါ။
ရှောင်တိမ်းနေရတဲ့ စစ်ရှောင်တွေကို တစ်အိမ်ထောင်စုကို ဆန် လေးပြည်နှုန်းနဲ့ ၂၉ အိတ်သွားရောက်လှူဒါန်းခဲ့တယ်လို့ မေ ၁၁ ရက်မှာ ပကဖ စလင်းက ထုတ်ပြန်ထားပါတယ်။
စလင်းမြို့နယ် နေပူကန်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့မှာ မီးရှို့ခဲ့တာ ဖြစ်ပြီးတော့ နေပူကန်ရွာနဲ့ ကုက္ကိုလ်တန်းရွာက နေအိမ် ၁၅၇ လုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media