ဘန်ကောက်၊ မေ ၁၂
လူဆေးလ်နန်းတော်မှာ ကာတာဘုရင် တာမင် ဘင် ဟာမက် အယ်လ်သာနီ လက်ခံကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်များ စားပွဲသောက်ပွဲ တက်ရောက်ဖို့ ထိုင်းနိုင်ငံကနေ ထွက်ခွာခွင့်ပေးရေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ တောင်းဆိုမှုကို အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ထိုင်းအယူခံတရားရုံးက ပယ်ချလိုက်ပါတယ်။
မေ ၈ ရက်မှာ သက်ဆင်ရဲ့ တောင်းဆိုမှုကို ရာဇဝတ်မှုတရားရုံးက ပယ်ချခဲ့ပြီးနောက် သူ့ရဲ့ ရှေ့နေက အယူခံတရားရုံးသို့ ထပ်မံ တင်ပြ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်အမတ်ဟောင်း ဆွမ်ချိုင်း ဆာဝမ်ခန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မေ ၁၁ ရက်က ရေးသား ဖော်ပြထားပါတယ်။

ကာတာခရီးစဉ်အတွင်း သက်ဆင်နဲ့ တွေ့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သဘောတူထားတယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း အယူခံတရားရုံးက ပြောကြားပြီး တောင်းဆိုမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ကာတာခရီးစဉ်အတွင်း သမ္မတ ထရန့်နဲ့ သူ့ရဲ့ စီးပွားရေးအဖွဲ့ကို မိမိ တွေ့ဆုံခွင့် ရနိုင်တယ်လို့ သက်ဆင်က ရာဇဝတ်တရားရုံးသို့ ပြည်ပ ထွက်ခွင့် တောင်းဆိုရာမှာ ဖော်ပြခဲ့တာပါ။
စားပွဲတက်ရောက်ဖို့ ကာတာက သက်ဆင်ကို ဖိတ်ခေါ်တာဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ အကြံပေးအဖြစ် ဖိတ်ခေါ်တာ မဟုတ်ဘူးလို့လည်း ရာဇဝတ်မှုတရားရုံးက ပြောပါတယ်။

သက်ဆင်ဟာ ထောင်ဒဏ် ချမှတ်ခံထားရချိန်အတွင်း အကျဉ်းထောင် ပြင်ပရှိ ရဲအထွေထွေ ဆေးရုံမှာ အကြာကြီး နေခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးခံရဖို့ ရှိနေပါတယ်။
ကာတာကို သွားရောက်ခွင့်ပြုဖို့ သူ့ရဲ့ပန်ကြားမှုဟာ မေ ၁၃ ရက်မှာ သက်တမ်းကုန်တော့မှာ ဖြစ်တယ်လို့ အယူခံတရားရုံးက ပြောပါတယ်။
နိုင်ငံတော်တရားရုံးက သက်ဆင်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ကို အကျဉ်းဌာနတွေက လိုက်နာ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း စုံစမ်း စစ်ဆေးဖို့ ရှိနေပါတယ်။
အမှုသုံးမှုကို စုံစမ်းစစ်ဆေးတဲ့ ရက်မတိုင်ခင် ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ စာရွက်စာတမ်းများ တင်ပြကြဖို့ အစိုးရရှေ့နေတွေ၊ သက်ဆင်နဲ့အကျဉ်းဌာနများ အပါအဝင် သက်ဆိုင်သူ အားလုံးကို တရားရုံးက ညွှန်ကြားထားပါတယ်။
Ref:ThaiPBS