မော်စကို၊ မေ ၁၀

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မေ ၉ ရက် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားခဲ့ပါတယ်။

အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့ နိုင်ငံတော်တည်ငြိမ်ရေး သေချာအောင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းနောက် လိုက်ပါရာမှာ မြန်မာကို တရုတ်က ကူညီပေးသွားမှာ ဖြစ်ပြီး ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစား ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အမှုထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းစေရေး ထိထိရောက်ရောက် ကာကွယ်ပေးဖို့လည်း သမ္မတရှီက စစ်ခေါင်းဆောင်ကို ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တားဆီးရေး ပိုမိုအားစိုက်ထုတ်ရေးလည်း ရှီကျင့်ဖျင်က တိုက်တွန်းခဲ့ကြောင်း တရုတ်အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

နာဇီဂျာမနီကို အောင်နိုင်ခဲ့တဲ့ နှစ် ၈၀ ပြည့်နေ့ အခမ်းအနားအတွက် မော်စကိုမြို့သို့ ရောက်ရှိချိန်မှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မေ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ပြီးနောက် အခြေအနေတွေ အတွက် မြန်မာကို တရုတ်က ဆက်လက် ကူညီပေးသွားမယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

မြန်မာ ပြည်တွင်းစစ်အတွင်း စစ်ကောင်စီဟာ နယ်မြေတွေနဲ့ တပ်စခန်းတွေ အများအပြား လက်လွှတ်ပေးထားရပြီး တိုက်ပွဲတွေ အိမ်နီးချင်း နိုင်ငံတွေထဲ ဖိတ်စင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့က မေ ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောတူထားပြီး တရုတ်က အပစ်ရပ် သဘောတူညီမှု စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ထားပါတယ်။

Ref:AA/ AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.