လှိုင်းဘွဲ၊ မေ ၁၁

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်နေပြီး စခန်းမကျရေးအ တွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ တာလယ်ကျေးရွာဟာ တပ်မ ဟာ ၇ နယ်မြေ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ)မြို့နယ်ထဲမှာ တည်ရှိတာဖြစ်ပြီး အဲဒီကျေးရွာထဲမှာ စစ်ကောင်စီတပ်က တာလယ်ဗျူဟာစခန်းကြီးတစ်ခု ခြေကုပ်ယူတပ်စွဲထားတာပါ။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းအဖွဲတွေဟာ ထိုင်းနယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ စခန်းကြီးတစ်ခုဖြစ်တဲ့ တာလယ်ဗျူဟာကို မေ ၉ ရက်နေ့ ၆ နာရီအချိန်ခန့်စလို့ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တာလယ်ဗျူဟာစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က မေ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူပေးခဲ့ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် မေ ၁၀ ရက်နေ့မှာလည်း KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့က တာလယ်ဗျူဟာစခန်းကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာအပြင် စနိုက်ပါနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နယ်စပ်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ထိုင်းစစ်တပ်ဟာ တိုက်ပွဲဖြစ် ပွားရာအနီးက နယ်စပ်စည်းမျဉ်းတွေမှာ လုံခြုံရေးချထားနေပြီး အခြေအနေကို မျက်ခြည်မပြတ် အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ထိုင်းစစ်တပ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားပါတယ်။

တာလယ်ဗျူဟာစခန်းဟာ ဒေသတွင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ ဗျူဟာအဆင့်ရှိ စခန်းကြီးတစ်ခုဖြစ်ပြီး အဲဒီဗျူဟာအပါအဝင် မယ်လ၊ မော်ဖိုးကေ၊ နော်တရာ စတဲ့ အခြားစစ်ကောင်စီတပ်စခန်းတွေလည်း ကျန်ရှိနေသေးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့ဟာ မေ ၉ ရက်နေ့ကလည်း ထိုင်းနယ်စပ်နား လှိုင်းဘွဲမြို့နယ် မယ်လကျေးရွာအနီးက တခေါဘီခီးစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီစခန်းကို သိမ်းပိုက်ရာမှာလည်း ၂ ရက်သာ ကြာမြင့်ခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကိုလည်း မပေးနိုင်ဘဲ စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.