မော်စကို ၊ မေ ၁၁

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်အာမခံပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံမော်စကိုမြို့မှာ တွေ့ဆုံခဲ့တဲ့ တ ရုတ်သမ္မတနဲ့ ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ မဟာမျိုးချစ် စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင်တို့ မေ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ရှီကျင့်ဖျင်က မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးဖို့နဲ့ အွန်လိုင်းလောင်းကစား၊ဆက်သွယ်ရေး လိမ်လည်မှုစတဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတွေကို တိုးမြှင့်တိုက်ဖျက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒီအပေါ် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်အာမခံပေးသွားမှာဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူမှု လေးနှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပထမဦးဆုံး လက်ခံတွေ့ဆုံတာ ဖြစ်ပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ရုရှားအကူအညီကြောင့် သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့ စစ်ခေါင်းဆောင်ဟာ သံတမန်နည်းနဲ့ အမြတ်ထုတ်တာလို့ သုံးသပ်ပါတယ်။

“ရှင်းရှင်းပြောရင်တော့ အဖေကြီးမှမကယ်ရင် သားတော့ငရဲကိုဇောက်ထိုးကျပါပြီ။ အဲဒီဟာကို သူက (စစ်ခေါင်းဆောင်) မျက်နှာပြ အသနားခံတာပေါ့ကွာ။ ဟိုကလည်းလာပြီးတော့ ဒူးတိုက်ဦးချ အောက်ကျို့နေတဲ့သူကို စာနာစိတ်ဝင်သွားလို့ရှိရင် သူ့အတွက် အမြတ်ပဲလေ မဟုတ်ဘူးလား။ မြန်မာပြည်ရဲ့ အနေအထားက သိတဲ့အတိုင်းပဲလေ။ ဘက်ပေါင်းစုံက သဲ့သဲ့လေးပဲ ကျန်တော့တာလေ။ အဲဒီတော့ မင်းအောင်လှိုင်က ရှီကျင့်ဖျင်ကို ခါးနှစ်ဘက်ကို ဖက်ထားခွင့်ရပုံတွေကို ကမ္ဘာကိုလည်း ပြတာပေါ့။ ငါ့ကိုလည်း ရှီကျင့်ဖျင်က တွေ့ပါတယ်ကွ။ ငါ အညံ့စားမဟုတ်ပါဘူး။သူ (စစ်ခေါင်းဆောင် ) သံတမန်နည်းနဲ့ အမြတ်ထုတ်တယ်လို့ ဆရာက အဲဒီလိုယူဆတာပဲလေ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က အခုနှစ်ကုန်ပိုင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီး နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒီအပေါ် သမ္မတ ရှီကျင့်ဖျင်က အားပေးထောက်ခံကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုနဲ့ နိုင်ငံ့တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်မှုတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ နှစ်နိုင်ငံ သတင်းထုတ်ပြန်တာပါ။

တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြောက်ပိုင်းတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့ ကြားဝင်ညှိနှိုင်းတာတွေ လုပ်ဆောင်နေတာပါ။

ဒီအခြေအနေမှာ တရုတ်သမ္မတက ဒေသတွင်း ငြိမ်းချမ်းရေးကိစ္စမှာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုမှုဟာ ရှမ်းမြောက်က စစ်ရေးပဋိပက္ခတွေအပေါ် သက်ရောက်လာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“ရှမ်းမြောက်က စစ်ရေးအခြေအနေမှာ ရှမ်းမြောက်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ MNDAA က တရုတ်ရဲ့ ဖိအားပေးမှုဒဏ်ကို အခုထက်ပိုပြီး ကြီးကြီးမားမားခံလာရမယ့် အနေအထားလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါကတော့ ငြင်းဆန်လို့ မရတဲ့ အမှန်တရားပေါ့။ တရုတ်က သူများနိုင်ငံရဲ့ ပြည်တွင်းရေး နိုင်ငံရေးကို စွက်ရောက်စွက်ဖက်တဲ့ဟာကလည်း တကယ် မခံချည့်မခံသာနဲ့ ပေါ်ပေါ်တင်တင် တွေ့မြင်လိုက်ရတဲ့အနေအထားမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်ဗျ” လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA တို့ကို စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဖြတ် ၅ ဖြတ်နဲ့ ဖိအားပေးခဲ့ပါတယ်။

ဒီအတွက်ကြောင့် တရုတ်အကူအညီပေးမှုအရ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကစပြီး လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့် ရရှိခဲ့ပြီး ကိုးကန့်တပ် MNDAA ကတော့ မြို့တွင်းကနေ ဆုတ်ခွာခဲ့ရတာပါ။

တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပေမယ့် လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်ကို TNLA ဘက်က ပယ်ချခဲ့တဲ့အတွက် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါဘူး။

စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ် သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးတဲ့အတွက် ကျေး ဇူးတင်တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံ ပူးပေါင်းမှုတိုးမြှင့်ရေးကို အထောက်အကူဖြစ်စေတဲ့အပြင် နှစ်နိုင်ငံကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းသွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် တရုတ်နိုင်ငံနဲ့အတူ လက်တွဲပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ ဆန္ဒရှိတယ်လို့ သူက ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.