“အကြပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပါရမယ်ဆိုတာက အတိအလင်း နားလည်ထားတယ်။ သက်ဆိုင်သမျှ အားလုံးကနေပြီးတော့ ဒါတော်တော်လေး ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ပေါ့။ ” ဗိုလ်မှူးကြီး စောကျော်ညွန့်

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို စတုတ္ထကြိမ်အဖြစ် ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တို့မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ငါးရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။

အစီအစဉ်တွေထဲမှာ သက်ဆိုင်သူ အစုအဖွဲ့တွေအားလုံး ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ဖို့ကို ဦးစားပေးထားပြီး ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးမှာဖြစ်လို့ သက်ဆိုင်သူတွေ ကြိုတင် ကတိကဝတ်ရယူဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကနေတဆင့် 7EAO Alliance ကနေ ဆက်လက်အကောင်အထည် ဖော်လာနိုင်မယ့် ပထမဆုံးလုပ်ငန်းစဉ်က ဘာဖြစ်မလဲ။ သက်ဆိုင်သူအားလုံးပါဝင်ဖို့ဆိုတဲ့ အခြေအနေရော ဖြစ်လာနိုင်ပါ့မလား။ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အဖွဲ့အနေနဲ့ ဘယ်လိုကြားဝင် ဆောင်ရွက်မလဲ စတဲ့ မေးခွန်းတွေကို သိရနိုင်ဖို့ အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအစဉ်တွေကို ဆရာတို့ ပြန်လည်သုံးသပ်ပြင်ဆင်တာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရတယ်။ အဲဒီအထဲမှာ ဘယ်လိုအချက်တွေ ပါဝင်ခဲ့ပါသလဲ။

ဖြေ – ၂၉၊ ၃၀ မှာ လုပ်တဲ့ အစည်းအဝေးဆိုတာက ကျွန်တော်တို့ 7EAO Alliance ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးဖြစ်တယ်။ ၃ လ တစ်ကြိမ်အစည်းအဝေးဖြစ်တယ်။

ကျွန်တော်တို့ အဲဒီ အစည်းအဝေးမှာ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့က သုံးလတာ ကာလအတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေကို အပြန်အလှန် သုံးသပ်ဆွေးနွေး ဖြစ်ပါတယ်။

အဲဒီ သုံးသပ်ဆွေးနွေးတဲ့ အခါကျတော့ ဒီသုံးလတာ အတွင်းမှာ ထိခိုက်နစ်နာမှုက အမြင့်ဆုံးလို့ သုံးသပ်မိတယ်။ ပြည်သူလူထုတွေက လေးနှစ်တာကာလမှာ လက်နက်ကိုင် စစ်ရေးဒဏ်ကို အတော်ဆိုးဆိုး ဝါးဝါးခံခဲ့ရတဲ့အချိန်မှာ မတ် ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ပေါ့။ ဒါက သဘာဝဘေးပေါ့။

သူ့ရဲ့ ရိုက်ခတ်မှုကို ခံစားနေရချိန်မှာ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်စစ်ပွဲတွေကို ကြုံတွေ့နေရအချိန်မှာ ဒါတွေ ကျော်လွှားနိုင်ဖို့ဆိုရင် အချက် ၅ ချက်ပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ၅ ရပ်ကို ချမှတ်နိုင်ခဲ့တယ်။

PPST တုန်းက ဆွေးနွေးချက်တွေကို ပြန်လည်အခြေခံပြီးတော့ လက်ရှိ နိုင်ငံရေး ပကတိအခင်းအကျင်းနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဒီအစီအစဉ် ငါးရပ်ကို ကျွန်တော်တို့က ဆွေးနွေးဆုံးဖြတ်ခဲ့တယ်။ အစီအစဉ် ၅ ခုဆိုတာ သက်ဆိုင်တဲ့ အစုအဖွဲ့တွေကနေ ဘာမှ ကြိုတင်ကန့်သတ်ချက် မထားဘဲနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်ရပ်ဖို့ အချက် ပါပါတယ်။

နောက်အချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကြိုတင် ကတိကဝတ်ရယူဖို့ အဲဒီ တစ်ချက်ပါပါတယ်။ နောက် နံပါတ် ၃ အချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ပါပါတယ်။

နံပါတ် ၄ က ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံရေးဆွဲဖို့ ပါပါတယ်။ နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲပေါ့။ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲတစ်နိုင်ငံလုံး ကျင်းပဖို့ ဆိုတာ အဲဒီလိုမျိုး လုပ်ငန်းစဉ် ၅ ရပ်ကိုတော့ ကျွန်တော်တို့ ဆွေးနွေးချမှတ်နိုင်ခဲ့ပါတယ်။

မေး – ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ငါးရပ်ထဲက သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဖို့ရှိမလား။ ဒါမှမဟုတ် ငါးချက်ထဲက ဘယ်အချက်ကို ဦးစားပေးလုပ်ဖို့ ရှိမလဲ။

ဖြေ – နိုင်ငံရဲ့ ပကတိ ရှိနေတဲ့ အခြေအနေက လက်နက်ကိုင် ပဋိပက္ခဒဏ်ကို လေးနှစ်ကျော် ခံစားလာခဲ့ရတယ်။ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကတော့ အားလုံးသိတဲ့အတိုင်းပဲလေ။ သမိုင်းတလျှောက်မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက ဒီတစ်ကြိမ်ပဲရှိမယ် ထင်တယ်။

စစ်ကိုင်းငလျင်ဖြစ်ပေါ်လာတဲ့အခါ ထိခိုက်ဆုံးရှုံးမှုတွေကလည်း သမိုင်းတစ်လျှောက်မှာ ဒီလောက်ထိကြီးမားတဲ့ငလျင်ဒဏ်ဆိုတာလည်း ဒီတစ်ကြိမ်ပဲလို့ မြင်မိတယ်လေ။

နိုင်ငံသူနိုင်ငံသားတွေက လူလုပ်တဲ့ဘေးကိုလည်း အများကြီးခံရတဲ့အချိန် လူမလုပ်တဲ့ သဘာဝဘေးလည်း ထပ်ဆင့်ကြုံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို လူသားချင်းစာနာမှုတွေ လုပ်ရမယ့်အချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကပဲ ရပ်တန့်လို့ရနိုင်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို လျှော့ချဖို့ ရုပ်သိမ်းဖို့ဆိုတာ ကြိုးပမ်းသင့်တယ်လို့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုပဲ ရှုမြင်လို့ ခုနကပြောတဲ့ သက်ဆိုင်သမျှ အားလုံးကနေပြီးတော့ ဘာမှကြိုတင်ကန့်သတ်ချက်တွေ မထားဘဲနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကိုတော့ လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံး အကြပ်အတည်းကို လုပ်ဆောင်နိုင်ရင်တော့ အကျိုးရှိတယ်။

ကျန်တဲ့လုပ်ငန်းစဉ်တွေအတွက်လည်း အများကြီး အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်တို့ ရှုမြင်တဲ့အတွက်ကြောင့်မို့လို့ ခုနက ဆရာမပြောသလိုပါပဲ။ နံပါတ် ၁ အစီအစဉ်ဖြစ်တဲ့ အပစ်ရပ်ရေးကိုတော့ ကျွန်တော်တို့ ပထမဉီးဆုံး ပြန်ပြီး ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ အဲဒီလိုပဲ ရှိပါတယ်။

မေး – ဆရာတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို SAC ၊ တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ တရုတ်၊ အာဆီယံတို့လိုမျိုး သက်ဆိုင်သူ အားလုံးကို ဘယ်လိုမျိုး အကြောင်းကြားဖို့ ရှိမလဲ။

ဖြေ – အခုအချိန် စစ်ရေးဘောင်က အရမ်းကိုကြီးမားကျယ်ပြန့်တယ်။ နိုင်ငံရေးဘောင်ကတော့ မရှိသလောက်ကို ကြီးမားနေတဲ့ ကာလတစ်ခု ပေါ့။ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါက ပကတိအရှိတရားပါ။

အခု ကြုံတွေ့နေရတဲ့ သက်ဆိုင်သူများ အားလုံးဆိုတာက အရင်ခေတ်ကထက် အများကြီးများတယ်။ ၂၀၁၃၊ ၂၀၁၄ ကြိုးပမ်းတဲ့ကာလတုန်းကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ၂၀ ကျော်ကျော်လေးပဲ ရှိတယ်။

အခုက လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းရင်းသားအပြင် လူထုကြားမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကလည်း အများကြီးရှိတဲ့အချိန်မှာ သက်ဆိုင်သူများအားလုံးက ဒီအစီအစဉ်ကို လုပ်ကြမယ်ဆိုတာက အမှန်တိုင်းပြောရရင် အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါတယ်။

အခက်အခဲရှိတယ်ဆိုတိုင်း မလုပ်ဘဲ ဒီအတိုင်း နေတာထက်စာရင် ကျွန်တော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာကနေ စလုပ်ချင်တယ်။ 7EAO Alliance နဲ့ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိတယ်။ နိုင်ငံရေးပါတီတွေရှိတယ်။ CSO တွေ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်။

7EAO Alliance အနေနဲ့က ဦးဆောင်အဖွဲ့က ၃ လ တစ်ကြိမ်ဆိုပေမယ့် အတွင်းရေးမှူးအဖွဲ့က တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်နေကျ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပုံစံတွေ့ဆုံမလဲဆိုတာ အဖွဲ့ အစည်းအဝေးတွေကနေ လမ်းစရှာမှာ ဖြစ်သလို ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတကာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် တွေ့ဆုံပြီး လမ်းစရှာဖို့ ကြိုးစားသွားမယ်လို့ လောလောဆယ် အဲဒီလိုပဲ ရှိပါတယ်။

မေး – အပစ်အခတ်ရပ်စဲရေးကိစ္စ ဖြစ်လာနိုင်ဖို့ စစ်ကောင်စီနဲ့ EAO တွေအပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကြားကို ဆရာတို့အဖွဲ့က ကြားဝင်ဖို့ရှိမလား။ ဒါမှမဟုတ် အာဆီယံလို ဒေသတွင်း အဖွဲ့တွေကနေတဆင့် ကြားဝင်သွားဖို့ရှိမလား။ အဲဒီအတွက် ဆရာတို့ ဘာစဉ်းစားချက် ရှိမလဲ။

ဖြေ – တွေ့ဆုံဆွေးနွေးပြီး လမ်းစပေါ်လာမယ့် ကိစ္စကတော့ အခက်အခဲအများကြီး ရှိတယ်ဆိုတာ ကျွန်တော်တို့လည်း နားလည်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင် တော်တော်လေး မျက်နှာပန်းမလှဘူးပေါ့လေ။

လက်နက်ကိုင်ပဋိပက္ခ ပြည်တွင်းစစ်က ရေပန်းစားနေတော့ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ နားလည်ပါတယ်။ လူတွေလုပ်တဲ့ ပြည်တွင်းစစ်ပေါ့။ လက်နက်ကိုင်ပဋိပက္ခကို ကျွန်တော်တို့ လေးနှစ်ကျော် ခံခဲ့ရတယ်။

အခုတခါ သဘာဝဘေးဒဏ်ကိုလည်း ခံခဲ့ရတယ်။ သက်ဆိုင်တဲ့ အဖွဲ့တွေကလည်း သဘာဝဘေးရဲ့ ထိခိုက်မှုတွေကို တိုးတက်အောင် ဆောင်ရွက်နေသလို လူတွေဖန်တီးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို လျော့ကျလာအောင် ပပျောက်လာအောင် စဉ်းစားချက်တွေ ရှိလာနိုင်တယ်လို့ ကျွန်တော်တော့ အဲဒီလိုမျိုးပဲ ခံစားမိတယ်လေ။ အခက်အခဲကတော့ ရှိမယ်။

သို့သော်လည်းပဲ လုပ်ငန်းစဉ်တစ်ခုကတော့ လုပ်သင့်လုပ်ထိုက်လို့ အဲဒီလိုမျိုးပဲ ရှိတယ်။ ဒီအချိန်မှာ ခုနက နိုင်ငံတကာကလည်းပဲ ငလျင်ဖြစ်ပြီးနောက် ပြန်လည်နေရာချထားရေးတို့ အိမ်နီးချင်းနိုင်ငံတွေရော အရင်ကထက်စာရင် စိတ်ပါဝင်စားမှုရှိလာတယ်။

ပူးပေါင်းဆောင်ရွက်မှုကလည်း ထင်သာမြင်သာ ရှိလာတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခ အကြပ်အတည်းကို ထွက်ပေါက်ရနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာရဲ့အားကိုလည်းကောင်း ကျွန်တော်တို့ ကိုယ်တိုင်လုပ်နေတဲ့အားကိုရော ပြိုင်တူစုပေါင်း တွန်းလှန်ကြမယ်ဆိုရင် ထွက်ပေါက်များ ရနိုင်မလားလို့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုးပဲ တွန်းအားသစ်ဖြစ်လာပေါ့။

မေး – နောက်ဆုံးအနေနဲ့ ငလျင်လှုပ်ပြီးနောက်ပြီး မြန်မာ့အရေးက အာရုံစိုက်မှု ပိုအားကောင်းလာတာဆိုတော့ ဆရာတို့ ချမှတ်လိုက်တဲ့ လုပ်ငန်းတစ်ခုချင်းစီကို အကောင်အထည်ဖော်ဖို့ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နိုင်မလဲ။ ဘယ်တော့လောက် အကောင်အထည် ဖော်နိုင်မလဲ။

ဖြေ – ကျွန်တော်တို့လုပ်ငန်းစဉ် ငါးရပ်ကလေ သေသေချာချာ ဖတ်ကြည့်မယ်ဆိုရင်ပေါ့ ကျွန်တော်တို့ ၇ ဖွဲ့ထဲနဲ့ ဘယ်လိုမှ အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။

အကြပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပါရမယ်ဆိုတာက အတိအလင်း နားလည်ထားတယ်။ သက်ဆိုင်သမျှ အားလုံးကနေပြီးတော့ ဒါတော်တော်လေး ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ပေါ့။

လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာတခါမှမကြုံဖူးတဲ့ အကြပ်အတည်းဆိုးကြီးကို ကျွန်တော်တို့ ကျော်လွှားဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အလုပ်ကို ကျွန်တော်တို့ ၇ ဖွဲ့ထဲကပဲ ဘယ်ကဲ့သို့လုပ်မယ် အဲဒီလိုမျိုး ပြောဆိုတယ်ဆိုတာကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ်ငါးရပ်ကို လုပ်နိုင်တယ်ဆိုရင် ထွက်ပေါက်များ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့အပေါ်မှာ ဒီလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ လုပ်တဲ့အခါကျရင် မပါမဖြစ် ပါထိုက်တဲ့ သက်ဆိုင်တဲ့လူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှပဲ အတူတကွ ကြိုးပမ်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကလည်းပဲ သက်ဆိုင်သူတွေအားလုံး ဘယ်လောက်အထိ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြောဆိုမှုတွေ လုပ်နိုင်မလဲဆိုတဲ့ အခြေအနေပေါ်မှာပဲ ဘယ်အချိန်မှာ ဘယ်လိုလုပ်မယ် ဘယ်လိုအကျိုးရလဒ်တွေ ရနိုင်မလဲဆိုတာ အတိအကျ ပြောလို့ရမယ် ထင်ပါတယ်။

(အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ‌ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်ပါတယ်)

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.