ရေး၊ မေ ၉
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာ ရေး-ထားဝယ်ကားလမ်းဘေး ခလရ ၁၀၆ တပ်ရင်းအနီးမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းနေ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားဟာ ခြံထဲကနေအပြန် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းအနီး ကားလမ်းဘေးမှာ အပေါ့သွားမိရာကနေ မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မော့ကနင်ကျေးရွာ ဒေသခံအမျိုးသားဟာ ညာဘက်ခြေ ထောက် ခြေမျက်စိအောက်ကနေ ပြတ်တောက်သွားပြီး ဘယ်ခြေထောက်လည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့ပါတယ်။
မြေမြှုပ်မိုင်းကြောင့် ညာဘက်ခြေထောက် ပြတ်တောက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ လူမှုကူညီရေးအသင်းအကူအညီနဲ့ လမိုင်းဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတာပါ။
စစ်ကောင်စီရဲ့ ခလရ ၁၀၆ တပ်ဟာ သူတို့တပ်ရင်းကို တော်လှန်ရေးအဖွဲ့တွေ လာမတိုက်နိုင်အောင် တပ်ရင်း ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းအများအပြား ထောင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားခုနှစ်ဦးထက်မနည်း ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အာဏာသိမ်းကာလအတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ