ပဲခူး၊ မေ ၁၀

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေ အရေးပေါ် ကူညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်ကစလို့ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ် ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာကနေ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း ဝေါမြို့နယ်၊ ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာပေါင်း ၃၀ ထက်မနည်း လူဦးရေ တစ်သောင်းကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတာ တစ်လနီးပါး ရှိလာတဲ့အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ စောင်၊ ခြင်ထောင်အပါအဝင် အမိုးအကာ အကူအညီကအစ လိုအပ်မှုတွေ မြင့်တက်လာတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ရှောင်တွေကတော့ တိုးတာပေါ့။ ဒီမှာ အဓိက လိုအပ်တာတော့ သူတို့အတွက် စားသောက်ကုန်ပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ နည်းနည်းပါးပါးတော့ ရတာပေါ့။ ဒါပေမယ့် အပြည့်အဝရယ်လို့ မရှိပါဘူး။ အလှူရှင်နဲ့ ကျွန်တော်တို့ ပရဟိတတွေကလည်း တတ်နိုင်သလောက်တော့ လုပ်ပေးနိုင်ပေမယ့် ရေရှည်လာရင် ဒုက္ခတော့ရောက်လာမှာပေါ့” လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နီးစပ်ရာ မြို့တွေရှိ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေအပြင် တောတောင်တွေမှာပါ စစ်ဘေးရှောင်နေရပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် စိုးရိမ်ကြောက်လန့် စိတ်တွေနဲ့ နေထိုင်နေရတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်ရှောင်အရေအတွက် ထပ်တိုးလာတာဟာ စစ်ကောင်စီဘက်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ် မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြောပါတယ်။

“သူတို့ရဲ့ ဆောင်ရွက်ချက်တွေ အမှန်ပြန်ကြည့်လို့ ရှိရင် ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ဘုန်းကြီးကျောင်းတို့ ဘာသာရေးကျောင်းတွေပေါ့။ အမှန်ဆိုရင် ဘာသာရေးကျောင်းတွေ ဘုန်းကြီးကျောင်းတွေကျတော့ တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝလည်း သက် ဆိုင်မှု မရှိဘူး။ သွားရောက်နေထိုင်တာလည်း မရှိဘူး။ ဒါပေမယ့် ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်။ နောက်တော့ ပြည်သူလူထုရဲ့ လုပ်ငန်းခွင်ထဲမှာလည်း လေ ယာဉ်နဲ့ဗုံးကြဲချတယ်။ ဒါကြောင့်အသက်အန္တရာယ်စိုးရိမ် ကြောက်ရွံ့မှုတွေနဲ့ပဲထွက်ပြေးတိမ်းရှောင် နေရတယ်” လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် အပစ်ခတ်ရပ်စဲကြောင်း မကြာခဏ ကြေညာနေပေမယ့် မြေပြင်မှာတော့ တိုက်ပွဲနဲ့ မသက်ဆိုင်ရတဲ့ အရပ်ဘက် ပစ်မှတ်တွေကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် အရေအ တွက် ထပ်တိုးလာနိုင်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်မှု ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သုံးသပ်ထားပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာ လေ့လာရေးအဖွဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းလုံးမှာ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် ၆ ဒသမ ၆ သန်းအထိ ရှိလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.