ရွှေကျင်၊ မေ ၉
မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ် ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က တပ်ရင်းမကျရေးအတွက် လေကြောင်းနဲ့ပြင်းထန်ခုခံနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ထားကာ မေ ၈ ရက်နေ့ကစလို့ တပ်ရင်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းဌာနချုပ်မကျရေးအတွက် လေကြောင်းတိုက် ခိုက်မှုအကြိမ် ၃၀ ထက်မနည်း ပြုလုပ်ထားပြီး အနီးပတ်ဝန်းကျင် တပ်စခန်းတွေကနေလည်း လက် နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးနေတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်ရင်းဗဟိုကင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်ဆုတ်ပေးထားတယ်လို့ မြေ ပြင်တိုက်ပွဲမှာပါဝင်တဲ့ တပ်မှူးတစ်ဦးက ပြောပါတယ်။
ရွှေကျင်မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၉၈ ၊ ၅၈၉ နဲ့ ၄၄၀ တပ်ရင်းတွေ တည်ရှိနေပြီး စစ်ကောင်စီဘက်ကတော့ ခမရ ၅၉၈ တပ်ရင်း မကျရေးအတွက် အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။
ခမရ ၅၉၈ တိုက်ပွဲကြောင့် ကွမ်းဆိပ်၊ သူရဲသမိန်၊ ညောင်ခြေထောက်အပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG