မော်လမြိုင် ၊ မေ ၁၀
စစ်သည်အင်အားလိုအပ်ချက်အရ စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေကို အတင်းအဓမ္မ နည်းမျိုးစုံ စုဆောင်းပြီး စစ်မှုထမ်းသင်တန်းတွေကနေ အင် အားသောင်းနဲ့ချီ ရရှိလာနေပါတယ်။
နိုင်ငံ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁ ကနေ ၁၀ အထိ သင်တန်းဆင်းပြီးတဲ့ တပ်သားအရေအတွက် ငါးသောင်းလောက် တိုးလာနေတာပါ။
စစ်မှုထမ်း အပတ်စဉ် တစ်ခုမှာ တပ်သား ၅၀၀၀ နှုန်းနဲ့ လျာထားတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၂ အထိဆိုရင် တပ်သားအင်အား ခြောက်သောင်းလောက် ရှိလာနိုင်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီတပ်ဟာ အင်အား တိုးလာတဲ့အတွက် တပ်ဖွဲ့ဝင်တွေကို စစ်အသုံးအဆောင်ပစ္စည်းတွေ အလျင်အမြန် တပ်ဆင်ပေးနေပေမယ့် အရည်အသွေးမပြည့်မီနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေက အရည်အချင်း မပြည့်မီလောက်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆို အရင်တုန်းကတောင်မှ ကျွန်တော်တို့ ခြေလျင်ခြေမြန် တပ်ရင်းတွေကိုပဲ တိုက်ခိုက်ရေးအင်အားနဲ့ ၁၅၀ လောက်ပဲ (ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေ) ထုတ်ပေးနိုင်တာ။ လက်ရုံးတပ်ဖွဲ့ဆိုတာ တစ်ခါမှ ထုတ်မပေးထားသေးဘူး။ အခု လက်ရုံးတပ်ဖွဲ့တွေကို (ချပ်ဝတ်တန်ဆာတွေ) တပ်ဆင်ရတဲ့အပြင် ပြည်သူ့စစ်တွေရော စစ်မှုထမ်းဥပဒေက လူသစ်ရောပါ သူတို့ တပ်ဆင်ပေးလာနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီတော့ အရည်အသွေးတော့ မပြည့်ဝနိုင်ဘူးလို့ပဲ တွက်ဆရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း စစ်သည်တစ်ယောက် စစ်ထွက်တော့မယ်ဆိုရင် ခဲယမ်း ၂၄၀ ဖြည့်ဆည်းပေးရတဲ့ဟာကလည်း နောက်ပိုင်းသူတို့အတွက် တဖြည်းဖြည်းချင်း ပြဿနာတစ်ရပ်တော့ ဖြစ် လာမယ်လို့တော့ မြင်ပါတယ်ဗျ” လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ ကနေ လက်ရှိ အပတ်စဉ် ၁၂ အထိတပ်သားတွေဟာ အပတ်စဉ်တစ်ခုမှာ အခြေခံစစ်သင်တန်း သုံးလတက်ရောက်ပြီး တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ကြရပါတယ်။
စစ်မှုထမ်းတွေကို ကြံ့ခိုင်ရေးနဲ့ စစ်ရေးပြဘာသာရပ်တွေအပြင် စစ်နည်းဗျူဟာ ဘာသာရပ်မှာပါဝင်တဲ့ ကိုယ်စီ စစ်မြေပြင်ကျွမ်းကျင်မှု၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာ လုံခြုံရေး၊ ချေမှုန်းရေးစတာတွေကို သင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစီရင်ခံစာအရ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေဟာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာရော ရှေ့တန်းစစ်မြေပြင်မှာပါ ဖိအာပေးစေခိုင်းခံရတာတွေ ညှင်းပန်းနှိပ်စက် အပြစ်ပေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်သင်တန်းသားတွေဟာ ရှေ့တန်းမှာ စစ်တိုက်ထွက်ရတာ၊ လုံခြုံရေးတာဝန်ထမ်းဆောင်တာ၊ အခွန်ကောက်တာ၊ မိုင်းရှင်းလင်းတာ၊ စစ်ဘက်ခံတပ်တွေ ဆောက်လုပ်ရာမှာ အတင်းအကြပ်လုပ်ခိုင်းခြင်းစတဲ့ စစ်ရေးတာဝန်တွေကို ချမှတ်ခံခဲ့ရတာပါ။
ရှေ့တန်းပို့ဆောင်ခံရတဲ့ တပ်သားတွေဟာ အတွေ့အကြုံနဲ့ နယ်မြေမကျွမ်းကျင်မှုကြောင့် ထိတွေ့တိုက်ပွဲတွေမှာ သေဆုံးမှု များလာသလို လက်နက်ချအညံ့ခံတာနဲ့ ထွက်ပြေးတာတွေလည်း ရှိနေပြီး နောက်တန်းမှာလည်း ထွက်ပြေးသူတွေ ရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF စစ်ရေးနိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက စစ်မှုထမ်းဥပဒေအရ သင်တန်းဆင်း တပ်သားအင်အား သောင်းနဲ့ချီ တိုးလာပေမယ့် တိုက်ခိုက်ရေးစွမ်းရည် တိုးလာတာ မတွေ့ရဘူးလို့ ပြောပါတယ်။
“မိမိ စိတ်ဆန္ဒမပါဘဲ စစ်မှုထမ်းဥပဒေအရ တပ်ထဲကိုအတင်းသွတ်သွင်းခံရတဲ့ သင်တန်းဆင်းတပ် သားသစ်တွေမှာ လက်ရုံးရည် တိုက်ခိုက်ရေးစွမ်းရည် မပြည့်ဝကြဘူး။ ဒါကြောင့်မို့ မိမိတို့ တော် လှန်ရေးအင်အားစုတွေနဲ့ တိုက်ခိုက်ရတဲ့ ထိတွေ့တိုက်ပွဲတွေမှာပဲဖြစ်ဖြစ် စခန်းသိမ်းတိုက်ပွဲတွေမှာပဲဖြစ်ဖြစ် စိတ်ဓာတ်အင်အား လက်ရုံးရည်၊ တိုက်ခိုက်ရေးစွမ်းရည် မပြည့်ဝတဲ့ တပ်သားသစ်တွေမှာ ထိခိုက်သေကြေမှုတွေ ဒဏ်ရာရမှုတွေ လက်နက်ချမှုတွေ ပိုများတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း နိုင်ငံ သားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။ ဒါ့အပြင် နည်းဥပ ဒေအရ အကျုံးဝင်သူတွေကို ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် ပိတ်ပင်ထားပါသေးတယ်။
လေ့လာသူတွေကတော့ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ နိုင်ငံအနှံ့အပြားက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို တန်ပြန်ခုခံနိုင်ဖို့ နောက်ထပ် စစ်မှုထမ်းတပ်သားအင်အား သိန်းချီ စုဆောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အရွယ်အရောက်ပြီးသူ လူငယ်တွေကို စစ်ရေးဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးပြီး စစ်ကောင်စီက စစ်မှုထမ်းစေခိုင်းနေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ပြောဆိုနေကြတာပါ။
အမျိုးသားလူငယ်ကွန်ဂရက် NYC ရဲ့ အချက်အလက်အရ စစ်မှုထမ်းခေါ်ယူတဲ့ ဖြစ်စဉ်ပေါင်း ၈၈၆ မှုထဲက အတင်းအဓမ္မ ဖိအားပေးခေါ်ယူမှုဟာ ၅၆၀ မှုရှိခဲ့တဲ့အတွက် ၆၃ ရာခိုင်နှုန်းဟာ ဖိအားပေးခံခဲ့ရတာလို့ ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI