ဘားအံ၊ မေ ၉
KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ရဲ့ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့ပေါ်သာမက ဘားအံမြို့အနီးအနားက နေရာတွေမှာပါ ခံစစ်ပြင်ဆင်ပြီး စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်လာနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြေဆိုချက်အရ သိရပါတယ်။
ကရင်ပြည်နယ် ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့အနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းတွေအပါအဝင် တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေအတွင်း ကော့ကရိတ်-ကျုံဒိုး ကားလမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းနဲ့ ကာကင်းစခန်းအချို့ကို KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျုံဒိုးမြို့ သိမ်းပိုက်မခံရဖို့နဲ့ ကျုံဒိုး-ကော့ကရိတ် ကားလမ်းပိုင်းမှာရှိတဲ့ ဂိတ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့၊ နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက တပ်မ ၂၂ ဦးဆောင်တဲ့ စစ်ကြောင်းတွေကို စေလွှတ်ခဲ့ရာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ချေမှုန်းနိုင်ခဲ့ပါတယ်။
စစ်ကြောင်းထိုးရောက်လာတဲ့ စစ်ကောင်စီတပ်ကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာဘက်နားမှာ ပိတ်ဆို့ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားအဆင့်ရှိသူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပိတ်ဆို့ချေမှုန်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ စစ်ကြောင်းဖွဲ့စည်းပုံပျက်သွားတဲ့အထိ ဖြစ်သွားခဲ့ပြီး ပြန်လှည်ဆုတ်ခွာသွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့တစ်ဖက်ကမ်း ဘားအံမြို့နယ် ဂျိုင်းဒေသထဲကို အ ခြေပြုစုဖွဲ့ပြီး တပ်စွဲထားသလို ကျုံဒိုးမြို့ပေါ်က ဗျူဟာစခန်း၊ စာသင်ကျောင်းနဲ့ မီးပုံကွင်းနားက ဘုန်းကြီးကျောင်းမှာ အခိုင်အမာတပ်စွဲထားပြီး ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ဘားအံ-သာမည-ကျားကလေး-ဂျိုင်း ကားလမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်က စစ်ယာဉ်တန်းတွေနဲ့ သွားလာလှုပ်ရှားနေတဲ့အပြင် လုံခြုံရေးစောင့်ကြည်တာ ကင်းပုန်းဝပ်တာတွေ သာမက ဘားအံမြို့အနီး သံလွင်မြစ်မှာ စစ်သင်္ဘောနှစ်စီးထက်မနည်း လုံခြုံရေးယူထားတာလည်းရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG